News

POST TAGGED AS

မန္တလေး

ရန်ကုန်၊ ပုဂံနှင့်အင်းလေးဒေသကို ခရီးသွားဘလော့ဂ်ဂါများဖြင့် ဈေးကွက်မြှင့်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်၊ ပုဂံနှင့်အင်းလေးဒေသကို အာဆီယံဒေသအတွင်းရှိ ခရီးသွားကဏ္ဍများအကြောင်း အကြံပြုရေးသားသည့် ခရီးသွားဘလော့ဂ်ဂါများဖြင့် ဈေးကွက်မြှင့်မည်ဖြစ်ကြောင်း မြန်မာခရီးသွား ဘလော့ဂ်ဂါကလပ်ထံမှ သိရသည်။

မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိစေရန် အဆိုပါ ခရီးသွားဘလော့ဂ်ဂါများနှင့်အတူ အာဆီယံမှ မီဒီယာများကို ဖိတ်ခေါ်ကာ ရန်ကုန်၊ ပုဂံနှင့်အင်းလေးဒေသတို့သို့ ပို့ဆောင်ကာ ဈေးကွက်မြှင့်တင်သွားမည် ဖြစ်ကြောင်း အဆိုပါကလပ်ထံမှ ဆက်လက်သိရသည်။

“လက်ရှိမှာ ဥရောပမားကက်က ဧည့်သည်တွေ အဝင်နည်းနေတယ်။မြန်မာအကြောင်းကိုလည်း ပြည်ပနိုင်ငံတွေမှာ သိတာနည်းတဲ့အတွက် အာဆီယံဒေသအတွင်းကို အရင်ဖောက်မယ်”ဟု အဆိုပါကလပ်မှ တာဝန်ရှိသူ ကိုသီဟလုလင်က ဆိုသည်။

အာဆီယံဒေသအတွင်းရှိ မီဒီယာများနှင့်ခရီးသွားဘလော့ဂ်ဂါ သုံးဆယ်ကျော်ခန့်သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ် သည်။

မလေးရှားနိုင်ငံမှ The New Straits Times of Malaysia သတင်းဌာန၊ ထိုင်းနိုင်ငံမှ Spring News သတင်းဌာနနှင့် Travel around The World မဂ္ဂဇင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ GMA TV ဌာနများ အပါအဝင် အခြားသော နာမည်ကြီးသတင်းဌာနနှင့် မဂ္ဂဇင်းများမှ တာဝန်ရှိသူများအပါအဝင် နာမည်ကြီး ဘလော့ဂ်ဂါများလည်း ပါဝင်မည်ဖြစ်ကြောင်း မြန်မာခရီးသွား ဘလော့ဂ်ဂါများကလပ်မှ ဥက္ကဋ္ဌ မမေဇွန်ဝင်းထံမှ သိရသည်။

“အခုလိုစီစဉ်တာက အဆင်ပြေနိုင်ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့သူတွေ ရှိသေးတယ်လေ။ မီဒီယာ အရေးကြီးတယ်။ အခုက မကောင်းသတင်းနဲ့ သိနေတာ မြန်မာနိုင်ငံရဲ့ ကောင်းသတင်းလေး ပျံ့ဖို့ အရေးကြီးတယ်။ မီဒီယာမကူရင် မရဘူး” ဟု Wazo ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

၂၀၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃ ဒသမ ၄၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်က ခရီးသွားဝင်ရောက်မှု ၂ ဒသမ ၉ သန်းကျော်သာရှိပြီး ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျော် ပိုမိုခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် ဥရောပနိုင်ငံများမှ ခရီးသည်ဝင်ရောက်မှု နည်းပါးကြောင်းနှင့် အာဆီယံဒေသတွင်း နိုင်ငံများမှ ဝင်ရောက်မှု ပိုမိုများပြားခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

J-14



FOLLOW US