News

POST TAGGED AS

မန္တလေး

ရွှေနန်းတော်ကျောင်းပြုပြင်မှု အစိုးရနှင့် အမေရိကန်သံအမတ်ကြီးများအဖွဲ့ သဘောထားကွဲ


မန္တလေး၊ ဖေဖော်ဝါရီ ၆

မြန်မာမှုအနုလက်ရာများကြောင့် စံပြုရမည့်ကျောင်းအဖြစ် သတ်မှတ်ထားသော ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အလှူရှင်အမေရိကန် သံအမတ်ကြီးများအဖွဲ့တို့အကြား သဘောထားကွဲနေသည်။

အမေရိကန်သံအမတ်ကြီးများအဖွဲ့၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်နေသော World Monuments Found အနေနှင့် ရွှေနန်းတော်ကျောင်းကို ပြုပြင်ထိန်းသိမ်းရာတွင် ဟောင်းနွမ်းဆွေးမြည့်နေသော တိုင်များကို အစားထိုးလဲလှယ်လိုပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စတီးပိုက်များဖြင့်ထောက်၍ ထိန်းသိမ်းလိုခြင်းကြောင့် သဘောထားကွဲလွဲနေခြင်းဖြစ်သည်။

“ကျွန်တော်တို့က ရှေးမူအတိုင်း မြေစိုက်တိုင်ထောင်ချင်တယ်။ ရှေးဟောင်းက စတီးပိုက်တွေထောက်ပြီး ထိန်းသိမ်းချင်တယ်။ မတူညီတဲ့ အတွေးအခေါ်တွေ အယူအဆပေါ့။ ကျွန်တော်ထင်ပါတယ်။ တိုင်အဟောင်းတွေရဲ့ ဘေးမှာ စတီပိုက်တွေနဲ့ထောက်ပြီး ထိန်းသိမ်းတယ်ဆိုတာ နိုင်ငံတကာက ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေနဲ့ ကွဲလွဲနေတယ်။ ပုဂံလိုနေရာမျိုးမှာ စတီးပိုက်နဲ့ထောက်ပြီး ပြင်ခဲ့တာမျိုးပေါ့။ ဒီလိုလုပ်တာက ယာယီအဖြေထုတ်တာလို့ ယူဆတယ်။ ကျွန်တော်တို့အနေနဲ့ ကုန်းဘောင်ခေတ်မှာ ဆောက်ခဲ့တဲ့ကျောင်းကို ကုန်းဘောင်ခေတ် လက်ရာအတိုင်း မြေစိုက်ပြန်လုပ်မယ်။ ဒီအခါမှာ တိုင်ဆက်ဖို့ လိုလာပြီ။ တကယ်ပျက်စီးနေတဲ့ တိုင်တွေကို တိုင်အသစ်နဲ့ပြန်ပြီး အစားထိုးဖို့လိုမယ်”ဟု ရွှေနန်းတော်ကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေသော World Monuments Found  စီမံကိန်းဒါရိုက်တာ Jeffery Allen က ပြောကြားသည်။

ယင်းသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သဘောထားကွဲလွဲနေသောကြောင့် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်း ရှေ့ဆက်လုပ်သင့်မသင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့်လည်း ဆွေးနွေးညှိနှိုင်းနေသည်ဟု ၎င်းက ပြောဆိုသည်။ 

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေမှလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသိန်းဖြင့် ၂၀၁၄ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ဇွန်လတွင် ဘတ်ဂျက်ပြီးဆုံးခဲ့သဖြင့် ပုဂ္ဂလိကအလှူရှင်များ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းနီးပါးဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနှစ် အောက်တိုဘာလအတွင်း ရန်ပုံငွေ ဒေါ်လာသုံးသိန်း ထပ်မံရရှိခဲ့သည့်အတွက် ဆက်လက်ပြင်ဆင်နေခြင်းဖြစ်ကြောင်း World Monuments Found ထံမှ သိရသည်။ 

“အဓိကတော့ တန်ဖိုးပေါ့။ သူတို့လဲထားတဲ့ အသစ်အတိုင်းလိုချင်လား။ ရှေးမူမပျက်လိုချင်လားပေါ့။ အသစ်လဲရတာ လွယ်တယ်။ ကျွန်တော်တို့ဘက်က ပညာရှင်တွေထောက်ပြတာကလည်း တိုင်အဟောင်းတွေအတိုင်းထားမယ်။ ထောက်လို့ရတာထောက်၊ ထောက်လို့မရတာကိုမှ ပြန်ဆက်ပေါ့။ အားလုံးအသစ်လဲဖို့တော့ မဖြစ်နိုင်ဘူး။ တန်ဖိုးချင်းကွာတယ်။ ဒီဘက်ကပညာရှင်တွေ ထောက်ပြတာက အဟောင်းအတိုင်းပဲ ပိုကောင်း တယ်။ လက်ရှိအတိုင်းလည်း လူအများကြီး တက်နေကြတာပဲ။ အင်ဂျင်နီယာအသင်းက အကြံပြုတာကလည်း ဒီအတိုင်းထားရင်တောင်မှ နှစ်အများကြီးခံမယ်။ ရှေးဟောင်းပစ္စည်းဆိုတာ အစားထိုးလို့မှ မရတာ။ လက်ရှိရွှေကျောင်းက ထိခိုက်ပျက်စီးနေတာမှ မဟုတ်တာ။ ထိခိုက်ပျက်စီးတဲ့ ဆင့်တွေ၊ ထုပ်တန်းတွေ၊ ယက်မတွေ၊ ကြမ်းခင်းတွေပြင်လို့ရတယ်။ ဒါတွေလုပ်ဖို့ ကျွန်တော်တို့ခွင့်ပြုထားတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် အဓိကကြုံတွေ့နေရသည့် အခက်အခဲမှာ တိုင်လုံးများ ပြုပြင်လဲလှယ်သည့် ကိစ္စဖြစ်နေပြီး ဟောင်းနွမ်းနေသည့် တိုင်များကို အစားထိုးလဲလှယ်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အောက်တိုဘာလအတွင်းက တင်ပြထားခဲ့ပြီး လက်ရှိအချိန်ထိ ခွင့်ပြုခြင်းမရှိသေးကြောင်း Jeffery Allen က ထပ်လောင်းပြောဆိုသည်။

လက်ရှိတွင် နရားရုပ်ပြုပြင်ခြင်း လုပ်ငန်းများကိုသာ လုပ်ဆောင်နေပြီး ဝရန်တာကို ပြုပြင်မှုများ ပြုလုပ်နိုင်ရန်လိုအပ်သည့် ကြမ်းခင်း၊ ဆင့်၊ ယက်မများကို အမေရိကန်ဒေါ်လာ လေးသောင်းဖိုးခန့် ဝယ်ယူထားပြီးဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံ ဆောက်လုပ်ခြင်း နည်းပညာကို နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ဆောင်လျက်ရှိသောကြောင့် စတီးပိုက်ဖြင့်ထောက်ခြင်းကို လုံးဝလက်မခံကြောင်း၊ စတီးပိုက်၊ သံပိုက်များဖြင့် ထောက်၍ ဝရန်တာကိုပြုပြင်မည် မဟုတ်ကြောင်းလည်း Jeffery က ထပ်မံပြောကြားသည်။

ရွှေနန်းတော်ကျောင်းသည် အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်းပါသော ဇေတဝန်ဆောင်ဖြစ်ပြီး၊ ရှေးအစဉ်အလာ ဘုန်းကြီးကျောင်းများနှင့် တည်ဆောက်ပုံမတူဘဲ စနုဆောင်ကို နေကျော်တည်ဆောက်ထားကာ ကျောင်းဦးပြာသာဒ်နှင့် ဘောဂဆောင်မပါသော ကျောင်းကြီးဖြစ်ကြောင်း၊ ကျောင်းကြီးတစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် ၁၅ လုံးတန်းနှင့် တောင်မြောက်တိုင် ၁၀ လုံးတန်းရှိ၍ တိုင်ပေါင်း ၁၅၀ တိုင်၊ နရားရုပ်ထောက် တိုင် ၄၂ တိုင်နှင့် သရွတ်ကင်းအုတ်လှေကား ငါးစင်းဖြင့် တည်ဆောက်ထားသော ကျောင်းကြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

အဆိုပါ ရွှေနန်းတော်ကျောင်းကြီးသည် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇယာရာမတိုက် မဟာရံတံတိုင်း နှစ်ခုအကြား အရှေ့တောင်ထောင့်တွင် တည်ရှိသည်။ 

M-05




FOLLOW US