News

POST TAGGED AS

မန္တလေး

10-Sep-2016

မန္တလေး
မန္တလေးသည် လုယက်မှု မကြာခဏ ဖြစ်ပွား တတ်သည့်မြို့ ဖြစ်သည်

အစိုးရသစ်၏ ရက်တစ်ရာ စီမံချက်အပြီး တစ်လခန့် အကြာတွင် မန္တလေးမြို့လယ်ကောင်၌ နေအိမ်အတွင်း လုယက်မှု တစ်ခုဖြစ်ခဲ့လေသည်။

မန္တလေးမြို့၏ လူစည်ကားရာ လမ်း ၈ဝ နှင့် ၈၁ လမ်း၊ ၁၃ လမ်းနှင့် ၁၄ လမ်း ကြားရှိ လမ်းသွယ်တစ်ခုအတွင်း စက်တင်ဘာ လ ၆ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်က အမျိုးသမီး တစ်ဦးတည်း ရှိနေသည့် နေအိမ်အတွင်း ဓားဖြင့် ထိုးကာ လုယက်သွားခြင်း ဖြစ်သည်။

“အဲဒီအချိန် အိမ်မှာက အစ်မ တစ်ယောက်ထဲ ရှိနေတာ”ဟု လုယက်ခံရသူ ဒေါ်နီနီအောင်၏ မောင်တော်စပ်သည့် ဦးရဲဝင်းအောင်က ပြောပြသည်။

ဒေါ်နီနီအောင်တို့၏ ကော်စေ့ပီနန် စက်ရုံတွင် အလုပ် လုပ်ကိုင်ဖူးသူနှင့် လူငယ် တစ်ဦးတို့အတူ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရေသောက်နေစဉ် ဒေါ်နီနီအောင်က မသင်္ကာသဖြင့် ခင်ပွန်းဖြစ်သူထံ တယ်လီဖုန်း ဆက်သွယ်နေစဉ် ယင်းကဲ့သို့ ဓားဖြင့် ထိုး၍ နှစ်ကျပ်သားရှိ ရွှေဆွဲကြိုးကို လုယက်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူ (လုယက်မှုကျူးလွန်သူ) က အစ်မတို့ စက်ရုံမှာ လာမလုပ်ခင် တခြား စက်ရုံကနေ ပြောင်းခဲ့တာ။ အဲဒီဘက်ကို ငွေပေးစရာ ရှိတယ်ဆိုပြီး သုံးသိန်း (ကျပ်)ကြိုသုံး ထုတ်ထားတာ။ အဲဒါကို တစ်သိန်းခွဲလောက် ပြန်ဆပ်ပြီး နောက်ထပ်မဆပ်လို့ ပုသိမ်ကြီး တရားရုံးမှာ ခံဝန်တွေ ဘာတွေနဲ့ လုပ်ထားရတယ်”ဟု ဦးရဲဝင်းအောင်က ရှင်းပြသည်။

“အခုက ပိုက်ဆံလာဆပ်တဲ့ပုံစံနဲ့ ရောက်လာပြီး အခုလို ဖြစ်သွားတာ”

ကျူးလွန်သူမှာ နေအိမ်တွင် တစ်ည အိမ်ဖူးသည့်အတွက် နေ့လယ်ခင်း လူပြတ်လပ်သည့် အချိန်နှင့် နေအိမ်၏ အနေအထားကို သိရှိထားသူလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဦးရဲဝင်းအောင်တို့အတွက် ယခုကဲ့သို့ နေအိမ်ထက်တွင် မှုခင်း ဖြစ်ပွားရခြင်းမှာက ယခုမှ မဟုတ်။ လွန်ခဲ့သော လများကလည်း  အစ်မ တစ်ဦးက ဆိုင်ကယ်စီးနေသူ နှစ်ဦးကို မြန်မြန်မောင်းသည်ဟု ပြောဆိုခြင်းကြောင့် နေအိမ်ထိ လာရောက်ကာ တုတ်၊ ဓားဖြင့် ခြံတံခါးများ ဖျက်ခြင်း၊ နေအိမ်တံခါးများ ဖျက်ခြင်းတို့ ပြုလုပ်ခံခဲ့ရဖူးသည်ဟု ၎င်းက ဆိုသည်။

ထိုစဉ်က ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း တရားခံကို ဖမ်းမပေးခဲ့ဟု ဆိုသည်။ 

“ဆိုင်ကယ် မြန်မြန်စီးလို့ ပြောတယ်ဆိုပြီး အိမ်ကို ဓားနဲ့ လာတာ၊ အခုထိ ဓားခုတ်ရာတွေ ရှိသေးတယ်”ဟု နေအိမ် ပြတင်းတံခါးမှ ဓားခုတ်ရာနှင့် မှန်ကွဲရာများကို ပြရင်း ဦးရဲဝင်းအောင်က ပြောသည်။

မန္တလေးမြို့သည် လုယက်မှုများ မကြာခဏ ဖြစ်ပွားတတ်သည့် မြို့ဖြစ်သည်။ နံနက်ပိုင်းတွင်လည်း ဖြစ်သည်။ နေ့လယ်ပိုင်းနှင့် ညပိုင်း အချိန်များတွင်လည်း ဖြစ်တတ်သည်။ မြို့ပေါ်မှာလည်း ဖြစ်သည်။ မြို့ပြင်မှာလည်း ဖြစ်သည်။

လမ်းမထက်တွင် ဆိုင်ကယ်ဖြင့် လုယက်မှုက အများဆုံး ဖြစ်ပြီး နေအိမ်ထိ တက်လာပြီး လုယက်မှုက ရှားပါးသည်။ ဖြစ်မည့်ဖြစ်တော့ လုယက်မှု၊ ဓားဖြင့် ထိုးကာ အသက်အန္တရာယ် ရန်ပြုမှုတို့က တွဲဖက် ပါလာခဲ့သည်။ ယင်းဖြစ်ရပ်က မန္တလေးမြို့အတွင်း လူမှုကွန်ရက်မှတစ်ဆင့် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ဓားပြ တိုက်သည်၊ အနုကြမ်း စီးသည်ဟု ပြောဆိုနေကြသော်လည်း လုယက်သည်ဟုသာ ပြောဆိုရမည် ဖြစ်ကြောင်း အမှတ် (၄) နယ်မြေရဲစခန်းမှူး ရဲအုပ်မြတ်ကျော်သူက ပြောသည်။

“ကျူးလွန်တဲ့သူက ရည်ရွယ်ချက်နဲ့ လာပုံတော့ မဟုတ်ဘူး။ အခြေအနေက ပေးလို့သာ ကျူးလွန်လိုက်တဲ့ပုံပဲ။ အခုလောလောဆယ် (စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ထိ) တစ်ယောက်ကို ဖမ်းမိထားတယ်။ နောက်တစ်ယောက်ကို ဖမ်းမိဖို့ စီမံချက်တွေ ရေးဆွဲနေတယ်”ဟု ၎င်းက ပြောဆိုသည်။

ကျူးလွန်သူကို ဖမ်းမိသည့် ပုံကလည်း ထူးဆန်းသည်။ ဒေါ်နီနီအောင်ကို လုယက်အပြီး နေအိမ်မှထွက်ကာ လမ်း ၈ဝ အတိုင်း ဆိုင်ကယ် မောင်းသွားစဉ် ၃၄ လမ်းအနီးတွင် ရပ်ထားသည့် မော်တော်ယာဉ်ကို အရှိန် မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် ထိခိုက်မှုဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ဇန်နဝါရီလမှ သြဂုတ် လ ၈ ရက်နေ့အထိ လုယက်မှုဖြစ်စဉ် ၂၂ မှု ဖြစ်ပေါ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မန္တလေး တိုင်းဒေသကြီးအတွင်းရှိ  ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် အခမ်းအနားများ၊ အရေးကြီးပုဂ္ဂိုလ် / အကြီးအကဲများ တက်ရောက်သည့် အခမ်းအနားများ၊ အရေးကြီး အဆောက်အအုံများ၊ တန်ခိုးကြီးဘုရားများ၊ ရဲဘက် ပြောင်းရွှေ့ခြင်းများနှင့် ပုံသေ လုံခြုံရေးများ၊ ဘောလုံးပွဲ လုံခြုံရေးများ ဆောင်ရွက်နေရသဖြင့် မေလ ၁ ရက်မှ သြဂုတ်လ ၈ ရက်နေ့ထိ ပြုလုပ်ခဲ့သည့် ရက် ၁ဝဝ စီမံချက်ကာလအတွင်း ရဲတပ်ဖွဲ့ဝင် အင်အား အပြည့်အဝ ထမ်းဆောင်နိုင်မှု မရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းက ရက် ၁ဝဝ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ဖူးသည်။

ယခု ဖြစ်စဉ်တွင်လည်း ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း မဟုတ်ဘဲ မော်တော်ယာဉ်ဖြင့် တိုက်မိ၍သာ  ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားနေသူများ ရှိသည်။

“ပြည်သူတွေက တရားခံကို ကားနဲ့ တိုက်မိလို့သာ ဖမ်းမိတယ်လို့ ထင်နေကြတာ၊ တကယ်တမ်းကျတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကလည်း နောက်ကနေ လိုက်ပါတယ်။ ၁၉ လမ်းထိ လိုက်သေးတယ်။ ကျွန်တော်တို့ လိုက်လို့ သူတို့ သွေးရူးသွေးတန်းနဲ့ ထွက်ပြေးတဲ့အတွက် ကားနဲ့ တိုက်မိသွားတာ”ဟု ရဲအုပ် မြတ်ကျော်သူက ရှင်းပြသည်။

ဦးရဲဝင်းအောင်ကမူ ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်ကို ဝေဖန်ချက် မပေးဘဲ နေအိမ်ထိ ဝင်ရောက်ကာ လုယက်မှု (အနုကြမ်းစီး) သွားသည့် ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပေါ်စေရန်သာ ဆန္ဒပြုလေသည်။

ရက် ၁ဝဝ စီမံချက် မတိုင်မီက မန္တလေးမြို့တွင် သုံးလကျော်အတွင်း လုယက်မှု ကိုးမှုသာ ဖြစ်ပွားခဲ့ပြီး ရက် ၁ဝဝ စီမံချက်အတွင်း ၁၃ မှု ဖြစ်ပွားခဲ့သဖြင့် လေးမှု တိုးခဲ့သည်။

ရက်တစ်ရာ အလွန်တွင်လည်း ရပ်ကျော် ရွာကျော်သည့် အထက်ပါ လုယက်မှု တစ်ခုက ဖြစ်ပေါ်ခဲ့ရလေသည်။

မြတ်(ကလေး)

  • VIA


FOLLOW US