News

POST TAGGED AS

မန္တလေး

ပုဂံရှုခင်းကြည့်နေရာနှစ်ခု ထပ်မံဖော်ထုတ်ရန် ကွင်းဆင်းစစ်ဆေး


မန္တလေး၊ ဖေဖော်ဝါရီ ၎

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း နေဝင်ချိန် နေထွက်ချိန် ကြည့်ရှုနိုင်မည့် နေရာအသစ်နှစ်ခု ထပ်မံဖော်ထုတ်ရန် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေးနေကြောင်း ညောင်ဦးမဲဆန္ဒနယ် အမှတ် (၁) မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောကြားသည်။

ရှုခင်းကြည့်နေရာအသစ်များ ဖော်ထုတ်နိုင်ရန် ခုနစ်နေရာရွေးချယ်၍ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလ ၂ ရက်နေ့က တင်ပြခဲ့ကြောင်း၊ ယင်းနေရာများအနက်မှ မင်းနန်သူကျေးရွာ အနီးရှိ လေးထောင့်ကန်ထိပ်နေရာနှင့် ဖွားစောကျေးရွာအရှေ့ဘက် မရိုးကန်နေရာတို့တွင် အကောင်အထည်ဖော်နိုင်ရန် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကွင်းဆင်းစစ်ဆေးနေတာက ရက်ပိုင်းပဲ ရှိပါသေးတယ်။ အချို့ဘုရားတွေက နှစ်ပေါင်းထောင်ချီနေပြီဖြစ်တဲ့အတွက် လူများများတက်ရင် ပျက်စီးမှုတွေ ပေါ်လာမှာစိုးတယ်။ ဒါကြောင့် ရှုခင်းကြည့်တောင်ကုန်းနေရာတွေ စပြီးတော့ ကျင့်သုံးတာဖြစ်ပါတယ်။ ရှုခင်းကြည့်နိုင်မယ့်နေရာပုံစံ၊ ကုန်ကျစရိတ်တွေကတော့ အင်ဂျင်နီယာအဖွဲ့က လေ့လာရေးလုပ်ပြီးမှ သိရမယ်”ဟု ဦးဝင်းမြင့်ခိုင်က ထပ်လောင်းပြောဆိုသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း၌ လက်ရှိတွင် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ညောင်လက်ဖက်ကန်ရှုခင်းကြည့် တောင်ကုန်းနှင့် စူဠာမဏိကန်ရှုခင်းကြည့် တောင်ကုန်းများမှ ပုဂံရှုခင်းများကို ကြည့်ရှုနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ယခင်က ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စဝတီ၊ ပုဂံမျှော် စသည့်ဘုရားများပေါ်မှနေ၍ ပုဂံဒေသရှုခင်းများ ကြည့်ရှုခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က အဆိုပါဘုရားများပေါ် တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှုခင်းကြည့်ရှုနိုင်သည့် ဘုရားအဆူ ၈၀ ခန့်ရှိရာ ယင်းဘုရားများပေါ်သို့ မတက်ရန် မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် တားမြစ်ထားပြီး ဘုရားအဆူ ၃၀ ကျော်တွင် အကာအရံများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ယင်းသို့ ဘုရားများပေါ် တက်ခွင့်ပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ ထုထည်ခိုင်ခံ့သည့် ပြာသာဒ်ကြီး၊ ရွာဟောင်းကြီး၊ ထီးလိုမင်းလို၊ သဗ္ဗညု၊ ကန်တော့ပုလ္လင်ဘုရားတို့၏ ပထမပစ္စယာပေါ်သို့ တက်ရောက်ခွင့်ပြုရန်နှင့် ပုဂံဘုရားများပေါ်တက်ခွင့် ပိတ်ပင်ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တင်ပြထားသည်။

M-05



FOLLOW US