News

POST TAGGED AS

မန္တလေး

01-Feb-2018

ပုဂံ မန္တလေး
ပုဂံဘုရား ၃၀ ကျော်တွင် အကာအရံများတပ်ဆင်


မန္တလေး၊ ဇန်နဝါရီ ၃၁

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများပေါ်မှနေ၍ နေဝင်၊ နေထွက်ချိန် ကြည့်ရှုနေမှုကို တားမြစ်နိုင်ရန် အကာအရံများ တပ်ဆင်လျက်ရှိရာ လက်ရှိအချိန်ထိ ဘုရား ၃၁ ဆူတွင် တပ်ဆင်ပြီးဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) ထံမှ သိရသည်။

“ကျန်တဲ့ဘုရားတွေကိုလည်း လိုက်စစ်နေပါတယ်။ ဒီလိုလုပ်နေတဲ့ကြားက ဘုရားတွေပေါ်တက်နေတာ တွေ့နေရသေးတယ်။ ဒါတွေကိုတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုကော်မတီကို တင်ပြပြီး ဆောင်ရွက်ရမယ်”ဟု အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားများပေါ်သို့ တက်နိုင်သည့် ဘုရားအဆူ ၈၀ ခန့်ရှိရာ မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် တားမြစ်သတိပေးဗီနိုင်းများ တပ်ဆင်ခြင်း၊ အသိပညာ ပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ဇန်နဝါရီ ဒုတိယပတ်ကစ၍ အကာအရံများ တပ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်ပခရီးသွားများအနေနှင့် ဘုရားများပေါ်မှ ကြည့်ရှုရသည့် မြင်ကွင်းများကို ပိုမိုနှစ်သက်သောကြောင့် ကြံ့ခိုင်မှုကောင်းသည့် ဘုရားများကို စစ်ဆေးခွင့်ပြုသင့်ကြောင်း၊ အကာအရံများပြုလုပ်ရာ၌ လိုဏ်ပါသည့် ဘုရားများတွင် သစ်သားကျည်းဘောင်များကို သံစကူများဖြင့် ဖောက်ထွင်းပြုလုပ်နေခြင်းသည် ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်စေကြောင်း ပုဂံဧည့်လမ်းညွန်အချို့က ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပုဂံ ညောင်ဦး ဒေသရှိ စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ ဘုရားများပေါ် တက်ရောက်နေခြင်းကို တားမြစ်ထားပြီး ဧည့်လမ်းညွှန်အသင်း၊ ခရီးသွားကုမ္ပဏီများအနေနှင့်လည်း ခရီးသွားအစီအစဉ် ရေးဆွဲစဉ်ကတည်းက နေဝင်နေထွက်ချိန် ရှုခင်းကြည့်နိုင်မည့် နေရာများကို ထည့်သွင်းရေးဆွဲခြင်းမပြုရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ညွန်ကြားထားသည်။

M-05



FOLLOW US