News

POST TAGGED AS

မန္တလေး

မန္တလေးမဟာမုနိဘုရားအနီးတွင် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားထောက်ခြိမ်းခြောက်
မန္တလေး၊ ဇန်နဝါရီ ၃၀

ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားအနီးရှိ တမ္ပဝတီရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ် တစ်ဦးတည်းရှိနေချိန် ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဓားထောက်ခြိမ်းခြောက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

တမ္ပဝတီရပ်ကွက် ခတ္တန်းရပ်ရှိ နေအိမ်တစ်ခုအတွင်းသို့ အမျိုးသားတစ်ဦးဝင်ရောက်ကာ အနုကြမ်းစီးခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သောကြောင့် သွားရောက်စစ်ဆေးရာတွင် အနုကြမ်းစီးလုယက်ခြင်း မဟုတ်ဘဲ နေအိမ်အတွင်း ဝင်ရောက်ကာ ပစ္စည်းများ မွှေနှောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးငယ်ကို ဓားနှင့်ထောက်၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ခင်မောင်ထွန်းက ပြောကြားသည်။

“လူမှုကွန်ရက်စာမျက်နှာမှာ အဲဒီပို့စ် တွေ့တွေ့ချင်း ချက်ချင်းသွားပြီးတော့ စစ်ဆေးခဲ့တယ်။ အနုကြမ်းစီး၊ ဓားပြတိုက်ခဲ့တယ်ဆိုတာ မဟုတ်ဘူး။ မြေယာအငြင်းပွားမှု တစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ လူမှုရေးကိစ္စပါ။ ကာယကံရှင်က အမှုမဖွင့်လိုတဲ့အတွက် အမှုတော့မဖွင့်ခဲ့ဘူး”ဟု ၎င်းက ရှင်းပြသည်။

လွန်ခဲ့သည့်သုံးလခန့်က မြေယာအငြင်းပွားမှုတစ်ခု ဖြစ်ခဲ့ဖူးကြောင်း၊ ယင်းအငြင်းပွားမှုဖြစ်ပြီး နောက်ပိုင်း ယခုကဲ့သို့ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခံရမှု သုံးကြိမ်ခန့်ရှိခဲ့ကြောင်း ဓားထောက်ခြိမ်းခြောက်ခံရသည့် ကာယကံရှင်မိသားစုက ပြောကြားသည်။

ယခုတစ်ကြိမ်တွင်လည်း မြေနေရာပိုင်ဆိုင်မှု စာရွက်စာတမ်းများ ဝင်ရောက်ရှာဖွေစဉ် ခြိမ်းခြောက်ခံရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ရှခြင်းမရှိသည့်အတွက် ကာယကံရှင်မိသားစုက အမှုမဖွင့်လိုကြောင်း လက်မှတ်ရေးထိုးခဲ့၍ အမှုဖွင့်ထားခြင်းမရှိကြောင်း ချမ်းမြသာစည် မြို့မရဲစခန်းထံမှ သိရသည်။  
 
M-04



FOLLOW US