POST TAGGED AS

မန္တလေး

အချုပ်သားသေဆုံးမှု ရဲတပ်ဖွဲ့ဝင်ငါးဦးကို တရားစွဲမည်
မန္တလေး၊ ဇန်နဝါရီ ၂၂

စဥ့်ကိုင်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသော အချုပ်သားတစ်ဦး သေဆုံးသွားခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်သားငါးဦးကို တရားစွဲဆိုမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အခု သူတို့ (ရဲတပ်သားငါးဦး) ကို တရားရုံးစွဲတင်ဖို့ လုပ်နေပါတယ်။ ဘာပုဒ်မနဲ့စွဲတင်ရမလဲဆိုတာ ဥပဒေအကြံပေးထွက်မှ သိရမှာပါ။ ဒီအမှုနဲ့ အနီးဆုံးဖြစ်တဲ့ပုဒ်မတွေနဲ့ စွဲဆိုမှာပါ”ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ရဲမှူးသောင်းညွန့် (ဦးစီး) က ပြောဆိုသည်။

စဥ့်ကိုင်မြို့နယ် စွန်ရဲရွာမှ တောင်သူအမျိုးသားတစ်ဦးကို ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် ဖမ်းဆီးကာ ရဲစခန်းတွင်ချုပ်နှောင်ကာ စစ်ဆေးနေချိန်တွင် အဆိုပါအမျိုးသား သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ဧပြီ ၂၈ ရက်နေ့က အသက် ၅၂ နှစ်အရွယ်ရှိ ဦးရဲအောင်ကို စဥ့်ကိုင်မြို့မရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း၊ မေလ ၃ ရက်နေ့တွင် သွေးအန်နေသည့်အတွက် စဥ့်ကိုင်ဆေးရုံသို့တင်ပို့ခဲ့ရာ မသက်သာသည့်အတွက် မန္တလေးဆေးရုံသို့ တင်ပို့ခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏မိသားစုထံမှ သိရသည်။ 

“စခန်းမှူး (စဥ့်ကိုင်မြို့မစခန်း) က လူတစ်ယောက်ကနေတစ်ဆင့် ကျွန်မအမျိုးသား အချုပ်ခန်းထဲမှာ ပြေးရင်းလွှားရင်းချော်လဲလို့ ဆေးရုံတင်ထားရတယ်ဆိုလို့ သွားတွေ့တာ။ စဥ့်ကိုင်ဆေးရုံကနေ၊ ကျောက်ဆည်ဆေးရုံ၊ အဲ့ဒီကမှ မန္တလေးဆေးရုံကြီးကို ရောက်သွားပြီဆိုတော့လည်း ကျွန်မလိုက်သွားပါတယ်။ အဲဒီမှာတွေ့တော့ သတိလစ်နေပြီ။ မျက်နှာတွေ၊ မျက်စိတွေ၊ နဖူးတွေ၊ လက်ကောက်ဝတ်တွေ၊ ခြေချင်းဝတ်တွေမှာ ဒဏ်ရာတွေတွေ့ပါတယ်။ နံကြားမှာလည်းရှိတယ်။ နဖူးကတော့ ပေါက်ပြဲဒဏ်ရာပါ။ ကျန်တဲ့နေရာတွေက ညိုမည်းနေတယ်။ စခန်းမှူး ကျွန်မကိုပြောတာက ခုတင်ပေါ်ကပြုတ်ကျပြီး ဒဏ်ရာတွေရတာလို့ပြောတယ်။ ဆေးရုံကြီးက ဆရာဝန်ကြီးတောင် ခုတင်ပေါ်ကပြုတ်ကျတာ ဒီဒဏ်ရာတွေရနိုင်သလားလို့ ကျွန်မကိုမေးသေးတယ်”ဟု သေဆုံးသူ ဦးရဲအောင်၏ဇနီး ဒေါ်ဆန်းက ပြောကြားသည်။

ဦးရဲအောင်သေဆုံးမှုနှင့်ပတ်သက်၍ ကူညီဆောင်ရွက်နေသူများက ခရိုင်ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ ရဲချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနတို့သို့ အဆင့်ဆင့်တိုင်ကြားပေးခဲ့သည့်အတွက် စီအိုင်ဒီတပ်ဖွဲ့အပါအဝင် အဖွဲ့အသီးသီးက လာရောက်စစ်ဆေးမှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေအနေနဲ့ တရားရုံးမှာစစ်ဆေးခံရမှာဖြစ်သလို တပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့လည်း စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ စည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးတဲ့အခါကျရင်တော့ သူတို့ကိုအုပ်ချုပ်ရတဲ့ တာဝန်အရှိဆုံးအရာရှိကိုပါ စစ်ဆေးသွားဖို့ရှိပါတယ်။ အရာရှိက မထိန်းကျောင်းလို့ ဒီလိုဖြစ်ရတာဖြစ်တဲ့အတွက်ပါ”ဟု ရဲမှူးသောင်းညွန့်က ထပ်လောင်းပြောဆိုသည်။

M-04



FOLLOW US