POST TAGGED AS

မန္တလေး

ကိုယ်အလေးချိန်လျှော့ရန် သတိပေးခံရသည့် အရောင်းမြှင့်တင်ရေးဝန်ထမ်း ၄၀ အလုပ်ထုတ်ခံရ
ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Mevius ဆေးလိပ်ကုမ္ပဏီက ကိုယ်အလေးချိန်လျှော့ချရန် သတိပေးခံရသူ အရောင်းမြှင့်တင်ရေးဝန်ထမ်းအမျိုးသမီး ၄၀ ကို ဒီဇင်ဘာလ ၃၁ ရက်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း အလုပ်မှ ထုတ်ပယ်ခံရသူ မသန်းသန်းမြင့်က ပြောကြားသည်။

“စက်ရုံမန်နေဂျာက လုပ်ငန်းခွင်ထဲမှာ လူရွေးမယ်လို့ ပြောတယ်။ ဝတဲ့သူ ထွက်ရမယ်၊ ဝိတ်တွေချထားပါလို့ ပြောတယ်။ လကုန်ရော အလုပ်သမား ၄၀ ကို အလုပ်မဆင်းနဲ့တော့လို့ ပြောတယ်။ အဲဒါ အကြောင်းပြချက်မရှိဘဲ အဲလိုလုပ်လို့ရသလား မေးချင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းစက်ရုံတွင် Marketing ဈေးကွက်ရှာဖွေရေး အမျိုးသမီးဝန်ထမ်း ၇၀ ရှိသည့်အနက် အယောက် ၄၀ ကို ထုတ်ပယ်ခဲ့ပြီး တစ်ဦးလျှင် ကရုဏာကြေးအဖြစ် တစ်သိန်းခွဲပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၎င်းတို့ကို အလုပ်က ထုတ်ပယ်ခြင်းသည် ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ပြီး အလုပ်သမားများကို ဥပဒေအတိုင်း နစ်နာကြေးများပေးခဲ့ကြောင်း အဆိုပါ ဆေးလိပ်ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။

အလုပ်ထုတ်ခံရသူ အယောက် ၄၀ သည် လုပ်သက် သုံးလမှ သုံးနှစ်အထိရှိကြပြီး ခန္ဓာကိုယ် အလေးချိန်လျှော့ချရန် လွန်ခဲ့သည့် သုံးလက စတင် အသိပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလုပ်ငန်းခွင်က ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တို့မှာ ဆေးလိပ်ပြန်ရောင်းရတာ မော်ဒယ်လ်နီးနီး နေရတာပါ။ ဝတဲ့လူက လျှော့ချလိုက်တာက နောက်ပိုင်း ယူနီဖောင်းက Small ရယ် Medium ပဲ ထုတ်ပေးမှာပါ။ နိုင်ငံခြားသားက ရုပ်ရည်ပိုင်း ခန္ဓာကိုယ်အလေးချိန်ကို သူ့ဘာသာရွေးတာ၊ ဘယ်လောက် အလေးချိန်တော့ ကျွန်တော်တို့ကို မပြောဘူး”ဟု ၎င်းက ဆိုသည်။

ယင်းသတိပေးခံရသူ ၄၀ အနက် ၂၀ က အလုပ်ရှင်ကပေးသည့် ကရုဏာကြေး ကျပ်တစ်သိန်းခွဲကို ရယူခဲ့ပြီး လျော်ကြေးမယူခဲ့သူ ၂၀ က အကြောင်းပြချက်မရှိဘဲ အလုပ်မှ ထုတ်ပယ်ခြင်း၊ လုပ်ငန်းခွင် ဖိနှိပ်မှုများရပ်တန့်ရေး ကမ်ပိန်းလှုပ်ရှားမှုကို အေးသုခလမ်းနှင့် စက်မှုပန်းခြံလမ်းတွင် ဇန်နဝါရီလ ၂ ရက် (ယနေ့) တွင် ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ကမ်ပိန်းတွင် ဆေးလိပ်မယ်များကို အကြောင်းမဲ့ အလုပ်က ထုတ်ပယ်ခြင်းရပ်တန့်ရေး၊ လုပ်ငန်းခွင်ဖိနှိပ်မှု ချက်ချင်းရပ်၊ ဆေးလိပ်ကုမ္ပဏီများက အစိုးရဥပဒေနှင့်အညီ ဝင်ရောက်စစ်ဆေးပေးရန်၊ လုပ်သားများကို ကိုယ်ထိလက်ရောက် မပြုလုပ်ရန်၊ ဥပဒေပါ အလုပ်သမား ခံစားခွင့်ပေးရန်၊ ဆေးလိပ်မယ်များကို လိင်အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အချက် (၆) ချက်ကို ဗီနိုင်းများထောင်၍ ဆေးလိပ်မယ်များ ခံစားချက်များ ဖိနှိပ်ခံရမှုများကို ဖွင့်ဟပြောဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လုပ်သားလျှော့ချရင် လုပ်သက်ရင့်သူတွေကို ဦးစားပေးပြီး လုပ်သက်နည်းသူကို လျှော့ချလို့ရတယ်။ အခုဟာက လူအင်အား လျှော့ချတာမဟုတ်ဘူး။ Model အေဂျင်စီနဲ့ချိတ်ဆက်ပြီး ဒီကရှိတဲ့ ငယ်ငယ်ချောချော အလုပ်သမားတွေကိုခေါ်ပြီး ကျန်တဲ့အလုပ်သမားတွေကို လျှော့ချလိုက်တာပါ။ ဥပဒေနဲ့မညီဘူး” ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမားများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ဆိုသည်။

ထို့အပြင် အလုပ်သမားလျှော့ချပါက လုပ်သက်နစ်နာကြေး၊ ကရုဏာကြေး၊ အချိန်ပိုခိုင်းစေခဲ့သည့် နစ်နာကြေး စသည်များကို လျော်ကြေးပေးရမည်ဖြစ်သော်လည်း လုပ်ငန်းရှင်ဘက်က ကရုဏာကြေး တစ်သိန်းခွဲပေးခဲ့ခြင်းမှာ အလုပ်သမားဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

J-18



FOLLOW US