POST TAGGED AS

မန္တလေး

07-Oct-2017

ပုဂံ မန္တလေး
အောက်တိုဘာ ၁၅ ရက်မှစ၍ ပုဂံရွှေဆံတော်ဘုရားပေါ်တက်ခ ကောက်မည်
မန္တလေး၊ အောက်တိုဘာ ၇

ပုဂံရှေးဟောင်းနယ်မြေရှိ နေဝင်ချိန်ရှုခင်းကြည့် ဘုရားတစ်ဆူဖြစ်သော ရွှေဆံတော် ဘုရားပေါ်သို့ တက်ရောက်ခကို အောက်တိုဘာလ ၁၅ ရက်မှ စတင် ကောက်ခံမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက်မှစ၍ ပြည်တွင်း ဘုရားဖူး တစ်ဦးလျှင် ၂၀ဝ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၂၀ဝ၀ ကောက်ခံရန် စီစဉ်နေကြောင်း အဆိုပါဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရွှေဆံတော် ဘုရားပေါ်သို့ အမျိုးသား၊ အမျိုးသမီးများ တက်ရောက်ကြည့်ရှုသူ များပြားသည့်အတွက် အဂါရဝဖြစ်စေခြင်း၊ ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်မှု ရှိခဲ့သည့်ဘုရားဖြစ်ခြင်း၊ ရေရှည်တွင် ရှေးဟောင်းဘုရာ၏ ကြံ့ခိုင်ရေး ထိခိုက်လာနိုင်ခြင်းများကြောင့် ဘုရားပေါ်သို့ တက်ရောက်သူ အရေအတွက် ကန့်သတ်နိုင်ရန် ငွေကြေး ကောက်ခံရန် စီစဉ်ရခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

ပုဂံရွှေဆံတော် ဘုရားပေါ် တက်ရောက်ရန် ငွေကြေး ကောက်ခံမည့် အစီအစဉ်နှင့်ပတ်သက်၍ ဧည့်လမ်းညွှန်အသင်းက ကန့်ကွက်ထားကြောင်း အသင်းနာယက ဦးဇော်ဝင်းချိုက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလို ကန့်ကွက်မှုတွေ ရှိတဲ့အတွက် ငွေကြေး ကောက်ခံမယ့် ရက်မတိုင်ခင်မှာ ညှိနှိုင်းတိုင်ပင်မယ်။ သူတို့ တင်ပြချက်တွေကို ထည့်သွင်းစဉ်းစားပါမယ်”ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဆိုသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပုဂံဒေသ ရှုခင်းများကို တောင်ဂူနီဘုရား၊ ရွှေဆံတော်ဘုရားနှင့် ပုဂံမျှော်ဘုရားများပေါ်မှ တက်ရောက် ကြည့်ရှုကြကြောင်း၊ ယင်းသို့ ကြည့်ရှုရာတွင် ရွှေဆံတော်ဘုရားသည် အချက်အချာ ကျသောကြောင့် တက်ရောက် ကြည့်ရှုသူ ပိုမိုများကြောင်း ပုဂံဒေသခံများထံမှ သိရသည်။

လက်ရှိ ရှေးဟောင်း ဘုရားများပေါ်သို့ တက်ရောက်မှုများ လျော့ပါစေရန် အရှေ့အိုးထိန်းကုန်း၊ အနောက် အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့် တောင်ကုန်း၊ ညောင်လက်ဖက်ကန် ရှုခင်းကြည့် တောင်ကုန်းနှင့် စူဠာမဏိကန် ရှုခင်းကြည့် တောင်ကုန်းများကို နေဝင်ချိန် အလှ ကြည့်ရှုရန် သတ်မှတ်ခဲ့ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

M-05



FOLLOW US