News

POST TAGGED AS

မန္တလေး

04-Oct-2017

ပုဂံ မန္တလေး
ပုဂံဘုရား ဂေါပကအဖွဲ့များ ထိန်းသိမ်းမှု အားနည်းဟု အစိုးရပြော

မန္တလေး၊ အောက်တိုဘာ ၎

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားဂေါပက အဖွဲ့များအနေနှင့် ဘုရားများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အားနည်းနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ရှေးဟောင်း စေတီတွေမှာရှိတဲ့ ဂေါပကတွေအနေနဲ့ ထိန်းသိမ်းရာ မရောက်ဘူးလို့ ယူဆတယ်။ ဥပမာ အလိုတော်ပြည့် ဘုရားမှာဆိုရင် အပေါ်မှာ ရွှေချတယ်။ နံရံဆေးရေး ပန်းချီရှိတဲ့တွေမှာ အဲကွန်းတွေ တပ်တယ်။ ပိုက်လိုင်းတွေ ဆင်တယ်။ ဒီလိုလုပ်တဲ့အခါမှာ ရေငွေ့တွေကြောင့် နံရံ ဆေးရေး ပန်းချီတွေ ပျက်စီးနိုင်တယ်။ ရည်ရွယ်ချက် ကောင်းပေမယ့် ဒီလိုလုပ်တာက မမှန်ဘူး။ နောက်တစ်ခုက ပုဂံကို ယူနက်စကိုတင်ဖို့ လုပ်နေတဲ့အချိန်မှာ အတွေးအခေါ် အယူအဆ အားနည်းမှုကြောင့် မထိခိုက်စေခြင်ဘူး။ နောက်တစ်ခါ အလှူရှင်တွေရဲ့ အလိုကိုလိုက်တယ်။ ထီးလိုမင်းလို ဘုရားဆိုရင် ဘုရားပုရိဝုဏ်အတွင်းမှာ ဆိုင်ခန်းတွေ အပြည့် ဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအဆူ သုံးထောင်ကျော်အနက် ဂေါပကရှိသည့်ဘုရား ၁၇ ဆူခန့်ရှိနေကြောင်း၊ ရွှေဆံတော်၊ စူဠာမဏိ၊ ဓမ္မရံကြီး ဘုရားများတွင် ဂေါပက ခန့်ထားနိုင်ရေးနှင့် ပတ်သည့် ညှိနှိုင်း အစည်းအဝေးတွင် ဂေါပကအဖွဲ့ မထားရန် ကန့်ကွက်ခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

ထီးလိုမင်းလို ဘုရားသို့ လာရောက်သည့် ဘုရားဖူးများ ကြည်ညိုစွာ ဖူးမျှော်နိုင်ရေးအတွက် ဘုရားအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ ဘုရားဖူးယာဉ်များ စနစ်တကျ ထားရှိနိုင်ရေးအတွက် ကားပါကင်ပြုလုပ်ခြင်းများ ဆောင်ရွက်ထားပေးပြီး ရွှေချခွင့်ပြုမထားကြောင်း၊ ရွှေချရန်လိုအပ်ပါက ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ ခွင့်ပြုချက်ဖြင့်သာ ဂေါပကအဖွဲ့က ဆောင်ရွက်ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက ပြောကြားသည်။

“ဘုရားပရိဝုဏ် အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေက ဂေါပကအဖွဲ့ မဖွဲ့ခင်ကတည်းက ရှိနေပြီးသားပါ။ ၂၀ဝ၀ ပြည့်နှစ်မှာ ဂေါပကအဖွဲ့ ဖွဲ့လိုက်တော့ ဘုရားရင်ပြင်တော်ပေါ်တော့ မသင့်တော်ဘူးဆိုပြီး ရင်ပြင်တော်အောက်ကို ချလိုက်ပြီး စနစ်တကျ ထားလိုက်တယ်။ ဒီဆိုင်ခန်းတွေက ဂေါပကအနေနဲ့ ပေးထားတဲ့ ဆိုင်ခန်းမဟုတ်ဘူး။ မူလကတည်းက ရှိထားပြီးသားတွေပါ”ဟု ၎င်းက ရှင်းပြသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့အနေနှင့် ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းကို ထီလိုမင်းလိုဘုရား ဘက်စုံပြုပြင်ခွင့် ပြုပေးခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့သော ကိစ္စရပ်များ ထပ်မဖြစ်စေရန် ဘုရားဂေါပကများ လိုက်နာရမည့် စည်းကမ်းချက်များကို ယင်းနှစ် နိုဝင်ဘာလတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ထုတ်ပြန်ခဲ့သည်။

ဂေါပကအဖွဲ့များအနေနှင့် တာဝန်ယူရသည့် ဘုရားများကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသော်လည်း ဘုရားများကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ရေရှည် တည်တံ့ခိုင်မြဲစေးရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းအတွက် သက်ဆိုင်ရာ ဌာနများထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

M-05



FOLLOW US