News

POST TAGGED AS

မန္တလေး

02-Oct-2017

ဆေးလိပ် မန္တလေး
ဆေးပေါ့လိပ်ထုပ်များတွင် အခွန်အမှတ်တံဆိပ်များ စကပ်ရန် ညွှန်ကြား
မန္တလေး၊ အောက်တိုဘာ ၁

ပြည်တွင်းထုတ် ဆေးပေါ့လိပ်ထုပ်များတွင် အခွန်အမှတ်တံဆိပ်ခေါင်းများ အောက်တိုဘာလ ၁ ရက်နေ့က စကပ်ရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

တစ်ဆယ်ကျပ်တန် ဆေးပေါ့လိပ် တစ်လိပ်လျှင် ပြား ၅၀ ဆယ်နှုန်း သတ်မှတ်ထားပြီး ၁၁ ကျပ်နှင့်အထက် ဆေးလိပ်တစ်လိပ်လျှင် တစ်ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ကြောင်း၊ ဆေးပေါ့လိပ်တစ်ထုပ်တွင် ပါဝင်သည့် အရေအတွက်ပေါ် မူတည်၍ အခွန်အမှတ် တံဆိပ်ခေါင်းတန်ဖိုး ကွဲပြားသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း အခွန်များဦးစီးဌာန  အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အောက်တိုဘာလ ၁ ရက်နေ့ စပြီးတော့ ကပ်ရမယ်။ ဆေးလိပ်ထုတ်တဲ့ နေရာက ထွက်တာနဲ့ အခွန်အမှတ်တံဆိပ် ကပ်ပြီးသား ဖြစ်ရမယ်။ မူရင်းထုတ်တဲ့ လုပ်ငန်းကနေ ဆိုင်တွေကိုဖြန့်ပြီ ဆိုတာနဲ့  တံဆိပ်ခေါင်း ကပ်ထားပြီးသား ဖြစ်ရမယ်။ ရောင်းတဲ့ဆိုင်တွေမှာ အခွန်အမှတ်တံဆိပ် ကပ်မထားတဲ့ ဆေးပေါ့လိပ်ထုပ်တွေ တွေ့ရင် ရောင်းတဲ့ဆိုင်ကို ဖမ်းမယ်။ ပြီးရင် မူရင်းထုတ်လုပ်တဲ့ လုပ်ငန်းကို ဆက်လိုက်မယ်” ဟု ၎င်းက ဆိုသည်။

ဆေးပေါ့လိပ်ထုပ်များတွင် ပါဝင်သော ဆေးပေါ့လိပ် အရေအတွက်ပေါ် မူတည်၍ အခွန်တံဆိပ် အမျိုးအစာခြောက်မျိုး ခွဲခြားထားသည့်အပြင် ဆေးလိပ်တစ်လိပ်ချင်းစီ၏ ဈေးနှုန်းပေါ် မူတည်၍ အခွန်တံဆိပ်ခေါင်းများ ထုတ်ပေးထားကြောင်း ၎င်းက ရှင်းပြသည်။  

ဆေးပေါ့လိပ် အရောင်းဆိုင်များတွင် ရောင်းချနေသော ဆေးပေါ့လိပ် ထုပ်များတွင် အခွန်အမှတ်တံဆိပ် ကပ်ထားခြင်းရှိမရှိ သိရှိနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးများက စည်းကြပ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အခွန်အမှတ်တံဆိပ် ကပ်ထားခြင်း မရှိပါက ရောင်းချသည့်ဆိုင်ကို ဆေးပေါ့လိပ် တန်ဖိုး၏ တစ်ရာရာခိုင်နှုန်း၊ ဆေးပေါ့လိပ် ထုတ်လုပ်သည့်လုပ်ငန်းကို တစ်ရာ့ငါးဆယ်ရာခိုင်နှုန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန တာဝန်ရှိသူက ထပ်လောင်းပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့က ပြောစရာ အထွေအထူး မရှိပါဘူး။ သူတို့ချမှတ်တဲ့ မူအတိုင်း လိုက်နာရမှာပေါ့။ ကျွန်တော်တို့ထက် သောက်သုံးသူရဲ့ အနေအထားပေါ့။ သောက်သုံးသူတွေကလည်း ဒီအခွန်ငွေတွေ ကျခံရတာပဲ။ အခွန်တံဆိပ်ခေါင်း ကပ်တာ တစ်လိပ်ကို တစ်ကျပ်လောက်ကျတယ်။ ဆေးပေါ့လိပ်ဆိုတာက အမြတ်အစွန်း အများကြီး ယူထားတာ မဟုတ်တော့ ဒီပေါ်မှာပဲ တိုးသွားမှာပေါ့။ ဈေးတက်ပြီးတော့ ရောင်းရမှာပေါ့။ အထူးကုန်စည်ခွန်တပ်ပြီး အခွန်ဆောင်ခိုင်းတဲ့အတွက် သောက်သုံးမှု လျော့ကျလို့ ရောင်းအားကျလာရင် အခြေခံအလုပ်သမား လူတန်းစားတွေပဲ ထိခိုက်မှာ” ဟု မြင်းခြံမြို့ရှိ ဆင်မင်း၊ ရွှေဆင်မင်း ဆေးပေါ့လိပ် ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင် ဦးရဲထွန်းအေးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း မြင်းခြံ၊ ရွှေဘို၊  စစ်ကိုင်းနှင့် ပဲခူးမြို့တို့တွင် ဆေးပေါ့လိပ် လုပ်ငန်းများကို မိရိုးဖလာ လုပ်ကိုင်လေ့ရှိပြီး မြင်းခြံနယ်မှ အရေအတွက် အများဆုံး ထွက်ရှိကြောင်း၊ ဆေးလိပ်ခုံတစ်ခုကို မှီခိုနေသည့် အလုပ်သမား ထောင်ကဏန်းအထိ ရှိတတ်ကြောင်း မြင်းခြံမြို့ရှိ  ဆေးလိပ်ခုံ လုပ်ငန်းရှင်များထံမှ သိရသည်။ 

“အန်တီတို့ အနေနဲ့ကတော့ အခွန်တံဆိပ်ခေါင်းတွေကို လုံလုံလောက်လောက် ထုတ်ထားတယ်။ ဆေးပေါ့လိပ် ဆိုတာက  အခြေခံလူတန်းစားတွေ သောက်သုံးကြတာဆိုတော့ ဈေးတက်ဖို့ အဆင်မပြေပါဘူး။ အန်တီတို့အနေနဲ့က ဝင်ငွေခွန်၊ ကုန်သွယ်ခွန်တွေ ဆောင်ရတယ်။ အခု အထူးကုန်စည်ခွန် ဆိုပြီးတော့ ထပ်ဆောင်ရတယ်။ ဆေးလိပ်ခုံ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ရတာပေါ့” ဟု မန္တလေးမြို့ရှိ နေခြည်ဆေးပေါ့လိပ် လုပ်ငန်းရှင် ဒေါ်ခင်မိမိလှိုင်က ပြောကြားသည်။

ယခုကဲ့သို့ အခွန်ကောက်ခံမှုများကြောင့် ဆေးလိပ်သောက်သုံးမှု ကျဆင်းသွားနိုင်ရာ ဆေးလိပ်ခုံ စီးပွားရေး အင်အားနည်းလာပါက ဆေးလိပ်ခုံလုပ်ငန်းကို မှီခိုနေသည့် လူတန်းစားများ၏ စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊ ဆေးပေါ့လိပ်လုပ်ငန်းသည် မိရိုးဖလာ လုပ်ငန်းတစ်ခု ဖြစ်သော်လည်း အခြားသော အထူးကုန်စည်များ ဖြစ်သော အရက်၊ စီးကရက် စသည့် စီးပွားရေး လုပ်ငန်းများနှင့်  တစ်တန်းတည်းထား ကောက်ခံမှုကြောင့် ရေရှည်တွင် မိရိုးဖလာလုပ်ငန်းများ ပျောက်ကွယ်သွားနိုင်ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

လက်ရှိအချိန်၌ ဆေးပေါ့လိပ် တစ်လိပ်၏ တန်ဖိုးသည် လက်ကားဈေး အနေနှင့် ငါးကျပ်မှ ၂၀ ကျပ် ဝန်းကျင်အထိ ရှိကြောင်း မန္တလေးမြို့တော်ရှိ ဆေးပေါ့လိပ် ဖြန့်ချိရောင်းချနေသော အရောင်းဆိုင်များထံမှ သိရသည်။          

M-05



FOLLOW US