News

POST TAGGED AS

မန္တလေး

29-Sep-2017

ပုဂံ မန္တလေး
ပုဂံတွင် ညဈေးဖွင့်ရန် မြေနေရာ ရှာဖွေ
မန္တလေး၊ စက်တင်ဘာ ၂၈

ပြည်တွင်းပြည်ပခရီးသွားများ အနေနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသထွက်ကုန်များ လွယ်လင့်တကူ ဝယ်ယူနိုင်မည့်ညဈေး ဖွင့်လှစ်ရန် မြေနေရာ ရှာဖွေနေကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ညဈေးတန်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက စီစဉ်နေခဲ့ခြင်း ဖြစ်ကြောင်း၊  မူလက ပုဂံဈေးအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဈေးအတွင်း ဖြစ်သဖြင့် နေရာကန့်သတ်ချက်၊  ကားအဝင်အထွက် ကန့်သတ်ချက်များ ရှိနေ၍ အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ယင်းဌာန ညွန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးက ပြောကြားသည်။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ရည်ရွယ်တာ။ ပြည်တွင်းပြည်ပ ခရီးသွားတွေ အနေနဲ့ ညပိုင်းဆို လည်စရာနေရာ မရှိဘူးတော့ ညဘက်မှာ ဈေးဝယ်လို့ရအောင် စီစဉ်တဲ့သဘောပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ညဈေးဖွင့်လှစ်နိုင်မည့် မြေနေရာ ရှာဖွေမှုများ ပြုလုပ်နေပြီး ဒေသခံများ ပါဝင်သည့် ပုဂံညဈေးဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ မြေနေရာ ရရှိပါက အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာနထံမှ ထပ်မံသိရသည်။

“အန်ကယ်တို့ အမြင်အရ ဖွင့်သင့်တာ ကြာပြီလို့တောင် ထင်တယ်။ အိမ်နီးချင်း တိုင်းပြည်တွေမှာလည်း ညဈေးတွေ ရှိနေတယ်။ ဒီလိုဖွင့်လိုက်တာနဲ့အမျှ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ နိုင်ငံခြားသားတွေ အတွက်လည်း သွားစရာ နေရာတစ်ခု တိုးလာမယ်ပေါ့။ ဒေသထွက် ရိုးရာပစ္စည်းတွေ၊ အစားအသောက်တွေ ရောင်းချနိုင်မယ်။ ပုဂံမြို့သစ်မှ ဖွင့်ထားတဲ့ ဈေးသစ်ကြီး ရှိတယ်။ အဲဒီမှာဖွင့်ရင် အဆင်ပြေမယ်လို့ ထင်တယ်” ဟု ပုဂံညဈေး ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းချိုက ပြောကြားသည်။

မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာန အနေနှင့် ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးဘေးရှိ ကျောက်တိုင်ကွင်းတွင်လည်း ပြင်ဦးလွင်ညဈေး ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်။         

M-05



FOLLOW US