News

POST TAGGED AS

မန္တလေး

20-Sep-2017

ပုဂံ မန္တလေး
ငလျင်ဒဏ်သင့် ဘုရားများ ပြုပြင်ရန် အိန္ဒိယပညာရှင်များ လေ့လာ

မန္တလေး၊ စက်တင်ဘာ ၁၉

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ဘုရားများကို ပြုပြင်မှုများ ပြုလုပ်နိုင်ရန် အိန္ဒိယ နိုင်ငံမှပညာရှင်များ လာရောက် လေ့လာလျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) ထံမှ သိရသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ စက်တင်ဘာ ပထမပတ်အတွင်း ပုဂံဒေသသို့ လာရောက်ခဲ့စဉ် ငလျင်ဒဏ်သင့် ဘုရားများနှင့်ပတ်သက်၍ ပြုပြင်ရမည့် ဘုရားများစာရင်း တောင်းခံခဲ့ကြောင်း၊ ယင်းနောက်  အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) မှ ပညာရှင်များ လာရောက် လေ့လာနေခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။

“ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရားတွေထဲက ပထမ ဦးစားပေး ပြင်ရမယ့်ဘုရား ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြင်ရမယ့်ဘုရား ၅၃ ဆူ စာရင်း ပေးလိုက်တာ။ လက်ရှိမှာ ပထမဦးစားပေး ပြင်ရမယ့်ဘုရားတွေကို ကြည့်ထားပြီးပြီ။ ဘာတွေ ပြင်မယ်ဆိုတာကတော့ ပြန်ညှိရဦးမယ်။ ဘယ်ဘုရားတွေကိုပြုပြင်ဖို့ အကူအညီ ပေးနိုင်တယ် ဆိုတာကိုတော့ နားလည်မှု စာချွန်လွှာထိုးပြီးမှ သိရမယ်”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရား၊ စေတီ ၃၈၉  ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

လက်ရှိတွင်လည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်ကစ၍ အိန္ဒိယနိုင်ငံ၏ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂ မီလီယံဖြင့် ပြုပြင်နေကြောင်း၊ ယင်းလုပ်ငန်းသည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဖြစ်ရာ လတ်တလောတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

M-05



FOLLOW US