News

POST TAGGED AS

မန္တလေး

ပုဂံဒေသကို ဗိသုကာ လက်ရာနှင့် ယဉ်ကျေးမှု ထွန်းကားသည့်နယ်မြေအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်မည်

ရန်ကုန်၊ ဩဂုတ် ၃၁

ပုဂံဒေသသည် ရှေးအဆက်ဆက်မှ ဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှု အစဉ်အလာများ ထွန်းကားသည့်နယ်မြေ စသည့်စံနှုန်းများနှင့် ပိုင်ဆိုင်သည့်ဒေသအဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန် အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလအတွင်း တင်သွင်းရန် စီစဉ်ထားကြောင်း ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ပညာရှင်များထံမှ စုံစမ်းသိရသည်။

“ပုဂံဒေသက ဗိသုကာလက်ရာတွေဟာ ကမ္ဘာမှာ အမွေအနှစ်တစ်ခုအဖြစ် ထားရှိရမယ့်နေရာ တစ်ခုဆိုတာအပြင်၊ ဒီဒေသဟာ ယဉ်ကျေးမှုဆိုင်ရာ ခေတ်အဆက်ဆက် ထွန်းကားလာတဲ့ နယ်မြေ တစ်ခု (Culture Landscape) စတဲ့ စံနှုန်းတွေနဲ့ တင်ပြဖို့ စီစဉ်ထားတယ်”ဟု ယူနက် စကို(မြန်မာ)ရုံး စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ဆိုသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန် ပုဂံယဉ်ကျေးမှုဒေသသည် လိုအပ်သည့်စံနှုန်းနှင့် များစွာ ကိုက်ညီသော်လည်း အဆိုပါ အချက်များသည် ပိုမိုထင်ရှားခြင်းကြောင့် အဆိုပြုလွှာ တင်သွင်းရန် ဦးစားပေးစီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန် အဆိုပြုလွှာမူကြမ်းကို ယူနက်စကို (ဗဟို) သို့ စက်တင်ဘာလ နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်ပြီး လက်ရှိတွင် ယင်းအဆိုပြုလွှာ တင်သွင်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာ ပညာရှင်အဖွဲ့များနှင့် ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ဆွေးနွေးလျက်ရှိသည်။

“ပုဂံဒေသဟာ ၁၁ရာစုကနေ ၁၃ ရာစုအထိ မတူကွဲပြားဘဲ တည်ရှိနေတဲ့ ဗိသုကာ အဆောက်အအုံတွေ ထွန်းကားရာ နေရာဖြစ်သလို အဲ့ဒေသမှာ ယုံကြည်မှု သဒ္ဓါတရားကို အခြေခံပြီး ယဉ်ကျေးမှု အစဉ်အဆက် ထွန်းကားရာနေရာဖြစ်တဲ့အတွက် ဒီအချက်တွေကို ဦးစားပေးအနေနဲ့ စီစဉ်ထားတာပါ”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကမ္ဘာ့ အမွေအနှစ်များ ဌာနခွဲ ညွန်ကြားရေးမှူး ဦးသန့်ဇော်ဦးက ဆိုသည်။

အဆိုပြုလွှာမူကြမ်းကို ယူနက်စကို (ဗဟို) သို့ တင်ပြရာတွင် ယင်းစံနှုန်းများအပြင် ပုဂံဒေသ၏ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် (Ongoing Process)တစ်ခုအဖြစ် ထည့်သွင်း တင်ပြမည်ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်များ ဌာနခွဲထံမှ သိရသည်။

ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန် အဆိုပြုလွှာ မူကြမ်းကို ယူနက်စကို (ဗဟို) သို့ တင်ပြပြီးပါက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ယင်းအဆိုပြုလွှာကို အပြီးသတ် အချက်အလက်များ တင်ပြရမည်ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်များ အဓိကစံနှုန်းများအဖြစ် ရှေးဟောင်းမြို့တော်နေရာများ၊ ယဉ်ကျေးမှု ထွန်းကားရာ မူလဒေသများ၊ ရှေးဟောင်း လိုဏ်ဂူများနှင့် အခြား ဗိသုကာ အထိမ်းအမှတ် အဆောက်အအုံများကို သတ်မှတ်ထားသည်။

ပျူမြို့ဟောင်းသုံးခုသည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့သည်။ 

J-14



FOLLOW US