News

POST TAGGED AS

မှုခင်း

06-Sep-2016

လူသတ်မှု မှုခင်း
ရန်ကုန်တွင် ရှစ်လအတွင်း လေးလောင်းပြိုင်လူသတ်မှု အပါအဝင် လူသတ်မှု ၁၁၇ မှုဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၅

မှုခင်းအဖြစ်ပွားဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်တွင် ယခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ရှစ်လအတွင်း လူသတ်မှုပေါင်း ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများမှ အများပြည်သူ စိတ်ဝင်စားသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှု အပါအဝင် အခြားလူသတ်မှု ဖြစ်စဉ်အချို့မှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

"လူသတ်မှု အတော်များများကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်၊ မဖော်ထုတ်နိုင်သေးတဲ့ လူသတ်မှုအချို့ ကို စီအိုင်ဒီအဖွဲ့နဲ့ ပူးပေါင်းပြီး အမှုမှန် အမြန်ဖော်ထုတ်နိုင်အောင် ဆောင်ရွက်နေတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြော ကြားသည်။

၂၀၁၅ ခုနှစ်က ရန်ကုန်တိုင်းဒေသ ကြီးတွင် လူသတ်မှု ၁၃၉ မှု ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင်မူ ရှစ်လအတွင်း လူသတ်မှု ၁၁၇ မှုအထိ ဖြစ်ပွားလာခဲ့ သောကြောင့် ရဲတပ်ဖွဲ့က မြို့နယ်အနှံ့တွင် ပြည်သူလူထုနှင့် ပူးပေါင်းပြီး မှုခင်းကျဆင်းရေး စီမံချက်နှင့် မှုခင်းအသိပညာပေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

"လူသတ်မှု ဖြစ်စဉ်အများစုက အရက်ကြောင့်ဖြစ်တာ၊ အရက်မူးပြီး စကားများ ရန်ဖြစ်ရာက လက်လွန်ပြီး လူသတ်မှုတွေ ဖြစ်ကုန်တာ၊ အရက်ဆိုးကျိုးကို ပြည်သူလူထုသိပြီး ဆင်ခြင်နိုင်အောင် ရပ်ရွာအနှံ့မှာ မှုခင်းအသိပညာပေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေတယ်၊ အရက်ပုန်းဆိုင်တွေလည်း စီမံချက်နဲ့ လိုက်လံဖမ်းဆီးနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ်ရှစ်လအတွင်း လူသတ်မှုများအပြင် မုဒိမ်းမှု ၁၃၀ မှု၊ လုယက်မှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး မြို့နယ်အနှံ့တွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူများကိုပါ အလုံးအရင်းဖြင့် ဆက်တိုက်ဖမ်းမိနေကြောင်း သက်ဆိုင်ရာ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ လူသတ်မှုပေါင်း ၈၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများမှ မင်္ဂလာဒုံမြို့နယ် နှစ် လောင်းပြိုင် လူသတ်မှု၊ တာမွေမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းရှိ တိုက်ခန်းအတွင်း အဘွားအို အသတ်ခံရမှု၊ ဒေါပုံမြို့နယ် ငမိုးရိပ်ချောင်းအတွင်း ခြောက်နှစ်ကလေးငယ် ခေါင်းဖြတ်သတ်ခံရမှုများနှင့် ယခု လူထု စိတ်ဝင်စားနေသည့် မင်္ဂလာဒုံ မြို့နယ် လေးလောင်းပြိုင် လူသတ်မှုတို့မှ ကျူးလွန်သူများကို လက်ရှိအချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။



FOLLOW US