News

POST TAGGED AS

မှတ်ပုံတင်

အသေးစား စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ကြေး ဧပြီလမှ စလျှော့မည်
ရန်ကုန်၊ မတ် ၆

အသေးစား စီးပွားရေးလုပ်ငန်းများ၏ ကုမ္ပဏီမှတ်ပုံတင်ကြေးကို ဧပြီလ ၁ ရက်နေ့မှစတင်၍ လျှော့ချပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ကုမ္ပဏီဥပဒေအသစ်အရ လူတစ်ဦးတည်းက ကုမ္ပဏီတည်ထောင်ခွင့်ရနေပြီး အသေးစားကုမ္ပဏီများ လုပ်ငန်းမြန်ဆန်စေရေးနှင့် ငွေရေးကြေးရေး အခက်အခဲ မဖြစ်ပေါ်စေရေးတို့အတွက် ယင်းကဲ့သို့ ကုမ္ပဏီမှတ်ပုံတင်ကြေးများ လျှော့ချပေးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိမှတ်ပုံတင်ကြေးက ကျပ်ငါးသိန်းရှိတယ်။ ဧပြီလကစပြီး အသေးစားတွေက ကျပ်ငါးသိန်းအောက်ပဲ မှတ်ပုံတင်ကြေး ပေးရတော့မယ်။ နိုင်ငံသား၊ နိုင်ငံခြားသားဆိုပြီး မခွဲခြားထားဘူး” ဟု ၎င်းက ပြောဆိုသည်။

ကုမ္ပဏီမှတ်ပုံတင်သည့်အခါ လုပ်သားဦးရေ ၃၀ အောက်နည်းပြီး ကုမ္ပဏီမတည်ငွေ ကျပ်သိန်း ၅၀ အောက်နည်းပါးသည့် ကုမ္ပဏီများကို အသေးစားကုမ္ပဏီများအဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ကျန်ကုမ္ပဏီများကိုလည်း လုပ်သားနှင့် မတည်ငွေကိုစစ်ဆေးပြီး အလတ်စားနှင့် အကြီးစားဟူ၍ သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းကဲ့သို့ အသေးစား၊ အလတ်စားခွဲခြားရခြင်းမှာ ကုမ္ပဏီအသေးများက တစ်နှစ်တစ်ခါ စာရင်းဝင်စစ်ခြင်းကို မခံရမည့်အပြင် အခြားသော ခံစားခွင့်များကိုလည်း ရရှိမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“အသေးစားတွေကို အခွန်ကင်းလွတ်ခွင့်တွေ များများပေးထားတယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေ တိုးတက်လာမှ ကျေးရွာမှာရှိတဲ့လူတွေလည်း အလုပ်အကိုင်တွေ ရလာနိုင်တဲ့အတွက် အစိုးရအနေနဲ့ မှတ်ပုံတင်ကြေးလျှော့ပေးတာ ဖြစ်သင့်ပါတယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ဆိုသည်။

ယခင်က ကုမ္ပဏီမှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းကောက်ခံခဲ့ကာ ယင်းပမာဏသည် အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် များနေသောကြောင့် ၂၀၁၆ ခုနှစ်တွင် ကျပ်ငါးသိန်းကောက်ခံရန် အမိန့်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ငါးသောင်းကျော်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

J-13




FOLLOW US