News

POST TAGGED AS

မှတ်တိုင်

ရန်ကုန် ဘတ်စ်ကားမှတ်တိုင် ၂၀၀၀ ကျော် စည်ပင်က အဆင့်မြှင့်ရန်စီစဉ်

ရန်ကုန်၊ မတ် ၃

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို တင်ဒါအောင်ကုမ္ပဏီက အသစ် လဲလှယ်၍ အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကျန်ရှိသော ဘတ်စ်ကားမှတ်တိုင် ၂၀၀၀ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူကာ အဆင့်မြှင့်တင်ရန် စီစဉ်လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားမှတ်တိုင် အများစုက အမိုးအကာ၊ ထိုင်စရာ အခက်အခဲ ရှိတဲ့အတွက် ပလက်ဖောင်းတွေနဲ့ အကျယ်အဝန်းနဲ့ ဖော်ဆောင်ပေးမယ့် မှတ်တိုင်နေရာ အကျယ်တွေကို လေ့လာစိစစ်ပြီးတော့ စည်ပင်သာယာက အဆင့်မြှင့်တင်မှာပါ”ဟု ဝန်ကြီးဒေါ်နီလာကျော်က ဆိုသည်။

မှတ်တိုင်ပေါင်း ၂၀၀၀ ကျော်ကို မည်သည့်ပုံစံဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မည်ကဲ့သို့ အဆင့်မြှင့်တင်မည် ဟူသောအချက်ကို ထည့်သွင်း ပြောကြားခြင်း မရှိပေ။

လက်ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အသစ် လဲလှယ်မြှင့်တင်ရန် တင်ဒါအောင် မြင်ထားသည့် FMI Decaux ကုမ္ပဏီအနေနှင့် မှတ်တိုင်ပုံစံကို တင်ပြထားပြီး မှတ်တိုင်တစ်ခုချင်းစီတွင် ခရီးသည်များ ဘတ်စ်ကား စောင့်ဆိုင်းပါက မှတ်တိုင်သို့ ဆိုက်ရောက်လာမည့် ဘတ်စ်ကားနံပါတ်နှင့် အချိန်ခန့်မှန်းချက်တို့ကို ဖော်ပြသော LED Screen တပ်ဆင်ထားမည်ဖြစ်ပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ယူအက်ဘီ အသီးသီး အားဖြည့်သွင်းနိုင်သည့် ပလပ်ပေါက်များ ထားရှိပေးမည့်အပြင် ရန်ကုန်မြို့တော်နှင့် ပတ်သက်သော သတင်းအချက်များကို ဖော်ပြသည့် ဆိုင်းဘုတ်နှင့် ကြော်ငြာဆိုင်းဘုတ်များ ပါရှိမည်ဖြစ်ကြောင်း FMI Decaux ကုမ္ပဏီထံမှ သိရသည်။

“အဓိကတော့ လုံခြုံရေး လိုအပ်တယ်။ နေရာတိုင်းမှာ မှတ်တိုင်တွေက ဖျက်ဆီးခံရတာ များတယ်။ ဒါတွေကို အထူးတလည် ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ နောက်ဆို တိုင်းပြည်ဘဏ္ဍာငွေ ဆုံးရှုံးမယ်”ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင် ၃၀၀၀ ကျော်ရှိသည့်အနက် မြို့တွင်း ခြောက်မြို့နယ် အပါအဝင် အဓိက လမ်းမကြီးများဖြစ်သည့် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်မြစ်လမ်း၊ လမ်းသစ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ သံသုမာလမ်းတို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို အသစ်လဲလှယ်၍ အဆင့်မြှင့်တင်ရန် ပြင်သစ် နည်းပညာကုမ္ပဏီနှင့် ပြည်တွင်း FMI ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် FMI Decaux ဖက်စပ် ကုမ္ပဏီက တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။

နိုင်ငံတကာ အဆင့်မီသည့်အထိ ဆောင်ရွက်မည့်မှတ်တိုင် ၅၀၀ ၏ လုပ်ငန်းစီမံချက်ကို ယခုနှစ် ဇွန်လတွင် စတင်ရန် စီစဉ်ထားပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ၌ မှတ်တိုင် အားလုံး အသစ် လဲလှယ်ပြီးစီးမည်ဖြစ်ကြောင်း FMI Decaux ကုမ္ပဏီထံမှ သိရသည်။

J-17



FOLLOW US