News

POST TAGGED AS

မှတ်တိုင်

ကားမှတ်တိုင်ရပ်နားသည့်တက္ကစီကို မှတ်သားဖမ်းဆီးနည်းဖြင့် အရေးယူ

ရန်ကုန်၊ အောက်တိုဘာ ၂၅

ခရီးသည်တင် ဘတ်စ်ကားမှတ်တိုင်တွင် အငှားတက္ကစီယာဉ်များ ရပ်နားထားခြင်းကို အရေးယူရာတွင် အထောက်အထား ခိုင်လုံစေရန် (ဓာတ်ပုံရိုက်ယူခြင်း) မှတ်သား ဖမ်းဆီးနည်းဖြင့် အရေးယူကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။

“တက္ကစီတွေက ဖမ်းတော့မယ်ဆို မောင်းပြေးသွားတယ်။ ဒါကြောင့် ရပ်နားထားကြောင်း အထောက်ထားအဖြစ် ဓာတ်ပုံအရင် ရိုက်တယ်။ ဒါကို မှတ်သား ဖမ်းဆီးနည်းလို့ ခေါ်တယ်။ မောင်းပြေးလည်း အရေးယူခံရမှာပဲ”ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးအောင်မြင့်က ဆိုသည်။

ခရီးသည်တင် မှတ်တိုင်တွင် ရပ်နားသည့် အငှားတက္ကစီကို ချလန်ဖြတ်ခြင်း၊ မှတ်တမ်း တင်ထားခြင်းများ ဆောင်ရွက်ထားပြီး ဒဏ်ငွေဆောင်ရန် အချိန်ကြာမြင့်နေသော်လည်း သတ်တမ်းတိုးချိန်တွင် တစ်ခါတည်း ပေးဆောင်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“တချို့ အငှားတက္ကစီတွေဆိုရင် နှစ်ဆင့်၊ သုံးဆင့်လောက် ရောင်းချထားတဲ့ ပိုင်ရှင် အမည်ဖြစ်နေတယ်။ လွှဲပြောင်း စာချုပ်အတိုင်း လိုက်ပြီး ပိုင်ရှင်ကတစ်ဆင့် ယာဉ်မောင်းကို ဆောင်ခိုင်းတယ်”ဟု ၎င်းကဆိုသည်။

ရန်ုကုန်မြို့တွင် ယာဉ်ထိန်းရဲအင်အား ၁၃၀ဝ ကျော်ရှိပြီး လူစည်ကားသည့် နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ပြည်လမ်း၊ ရေကျော်တို့တွင် အများဆုံး ဖမ်းဆီးပြီး အခြားနေရာများကို အလှည့်ကျ ဖမ်းဆီးကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

လက်ရှိ ရာသက်ပန် အငှားတက္ကစီ မဟုတ်သည့် အငှားယာဉ်များ ကားမှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ ရပ်နားပါက မူရင်းနံပါတ်အနက် (အိမ်စီးယာဉ်) အဖြစ် ပြောင်းလဲသည့်ပြစ်ဒဏ် ချမှတ်ရန်  ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း YRTA ထံမှ သိရသည်။

“ဒီကိစ္စအတွက် လက်ရှိ ညှိနှိုင်းနေတယ်။ အတည်ပြုချက် မပြုရသေးဘူး။ ယာဉ်ကြော ကျပ်တည်းတာကို ဖြေလျှော့ဖို့ အခုလို စီစဉ်နေတာပါ”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ခရီးသည်တင်မှတ်တိုင်တွင် ရပ်နားသည့် အငှားတက္ကစီယာဉ်များ ဖမ်းဆီးရာတွင် ယာဉ်မောင်း မရှိသည့်ယာဉ်ကို ၁၅ မိနစ် အချိန်စောင့်ပြီး မှတ်တိုင်မှ မဖယ်ရှားပေးလျှင် ယာဉ်ထိန်းရဲကားဖြင့် ဆွဲကာ ဖမ်းဆီးကြောင်း၊ ယာဉ်မောင်းရှိပါက ချလန်ဖြတ် အရေးယူကြောင်း အငှားတက္ကစီယာဉ်မောင်း ဦးမျိုးလင်းက ပြောကြားသည်။

“စီမံချက်နဲ့ ဖမ်းတာဆိုရင် ယာဉ်ထိန်းရဲ၊ စည်ပင်၊ ရဲ သုံးဖွဲ့ ပေါင်းဖမ်းတယ်။ ဒါဆိုရင် တောင်းပန်လို့ မရတော့ဘူး။ ဒဏ်ငွေကို ရုံးမှာ သွားဆောင်ရတယ်။ ဒီအတိုင်း ဖမ်းတာဆိုရင် ညှိလို့ရတယ်။ ပိုက်ဆံ သုံးထောင်၊ ငါးထောင်လောက်တော့ ပေးရတယ်။ ဒဏ်ငွေဆိုရင် တစ်သောင်းကနေ သုံးသောင်းအထိ ပေးရတာ”ဟု ၎င်းက ဆိုသည်။

ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့ရန် ခရီးသည်တင် ဘတ်စ်ကားမှတ်တိုင်တွင် အငှားတက္ကစီ ယာဉ်များအနေနှင့် ရပ်နားခွင့်၊ ခရီးသည်တင်ဆောင်ခွင့် မရှိကြောင်း စည်းကမ်း သတ်မှတ်ထားပြီး ဖောက်ဖျက်ပါက မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ဒဏ်ငွေ သုံးသောင်းချမှတ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးထံမှ သိရသည်။      

J-06



FOLLOW US