News

POST TAGGED AS

မွန်ပြည်သစ်ပါတီ

မွန်ပြည်သစ်ပါတီ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရွှေ့ဆိုင်း
ရန်ကုန်၊ မတ် ၂၅ 

အပစ်ရပ်လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့၏အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း မွန်ပြည်သစ်ပါတီ၏ ပြည်တွင်းရေးရာ တာဝန်ခံတစ်ဦးဖြစ်သူ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောကြားသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ ၆ ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲမတိုင်မီ ပြုလုပ်မည့် လူထုတွေ့ဆုံပွဲများကို ကန့်သတ်မှုများ ရှိနေသည့်အတွက် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်ခွင့်ရပြီး အချိန်မှသာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အရင်လူထုတွေ့ဆုံပွဲတွေ ကျင်းပပြီးမှပဲ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ UPDJC ကို အဆိုပြုလွှာ တင်ထားတယ်။ လက်ရှိအခြေအနေ အတိုင်းဆိုရင်တော့ သတ်မှတ်ရက်အတွင်း မလုပ်နိုင်လောက်ဘူး။ ရွှေ့ဆိုင်းဖို့ သဘောထားပဲ ရှိတယ်။ လူထုတွေ့ဆုံပွဲတွေကို လူဦးရေသုံးဆယ်ထက် မပိုစေရဆိုပြီး ကန့်သတ်ထားတာက အဆင်မပြေဘူး။ ကျွန်တော်တို့က လူထုပူးပေါင်းပါဝင်မှုနဲ့ လုပ်ချင်တာပါ”ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ၏ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့နယ်တွင် ဧပြီလ ၆ ရက်မှ စတင်ကျင်းပရန် ခွင့်ပြုထားခြင်းဖြစ်ပြီး မွန်ပြည်နယ်တွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အဖွဲ့ဝင် ၉ ဦးပါဝင်သည့် ကြီးကြပ်ရေးကော်မတီကို ပြီးခဲ့သည့်ရက်ပိုင်းက UPDJC က ဖွဲ့စည်းပေးခဲ့သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် မွန်ပြည်သစ်ပါတီနည်းတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ လူထုတွေ့ဆုံပွဲများမှာလည်း ရှမ်းပြည်နယ်အတွင်း ကန့်သတ်မှုများ ရှိခဲ့သောကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်နေ့ရက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။

အလားတူ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန် ဖွဲ့စည်းထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ဖြင့် ဖွဲ့စည်းထားသည့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ပြီးခဲ့သည့်ရက်ပိုင်းက ဖျက်သိမ်းခဲ့ပြီး ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးမှာလည်း ပြေလည်မှုမရသေးပေ။

လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပအိုဝ်းလက်နက်ကိုင်အဖွဲ့နယ်မြေ၊ ချင်းအမျိုးသားတပ်ဦး (CNF) နယ်မြေ၊ ကရင်ပြည်နယ်တို့တွင်သာ ကျင်းပနိုင်ခဲ့သည်။ 

J-08



FOLLOW US