News

POST TAGGED AS

မွန်ပြည်သစ်ပါတီ

KNU နှင့် မွန်ပြည်သစ်တို့ ရက်ပိုင်းအတွင်း တွေ့ဆုံမည်
ရန်ကုန်၊ မတ် ၁၃

ပြီးခဲ့သည့်ရက်ပိုင်းက ထိတွေ့မှုအချို့ ဖြစ်ပွားခဲ့သော တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံညှိနှိုင်းရန် စီစဉ်နေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းက KNU နှင့် မွန်ပြည်သစ်ပါတီတို့သည် ရေးနှင့် ရေဖြူမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သစ်ထုတ်လုပ်ရေးနှင့် ပတ်သက်ကြောင်း နှစ်ဖက်လုံးက ပြောကြားထားသည်။

ယင်းနှစ်ဖွဲ့၏ တွေ့ဆုံညှိနှိုင်းမှုကို မွန်ပြည်သစ်ပါတီ နယ်မြေဖြစ်သည့် ဘုရားသုံးဆူဒေသတွင် တွေ့ဆုံနိုင်ရန် ညှိနှိုင်းနေပြီး ရက်ပိုင်းအတွင်း ဖြစ်လာမည်ဟု မွန်ပြည်သစ်ပါတီ(NMSP) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုတွင် အောက်ခြေရှိ နှစ်ဖက် မြေပြင်တပ်မှူးများအကြား ဖြစ်ပွားနေသည့် ပြဿနာများ ပြေလည်စေရေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်း တွေ့ဖြစ်နိုင်အောင် ကြိုးစားနေပါတယ်။ အောက်ခြေမှာ မြေပြင်တပ်မှူးတွေကြား ဖြစ်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းဖို့ပေါ့။ အချင်းချင်းကြားမှာ ဒီလိုကိစ္စတွေ နောက် မဖြစ်ပွားအောင်လို့။ ဘုရားသုံးဆူ ကျွန်တော်တို့နေရာမှာပေါ့ နေရာကတော့ ပြင်ဆင်နေတုန်းပေါ့”ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က ရေးမြို့နယ် ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီနှင့် KNU တို့ ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်ခန်းကျေးရွာအနီးတွင် မတ်လ ၄ ရက် နံနက်ပိုင်းက တစ်ကြိမ်၊ မတ်လ ၅ ရက် နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါ ကျေးရွာအနီးတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA စာချုပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် KNU နှင့် ထိတွေ့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း NCA စာချုပ်ကို ၂၀၁၅ ခုနှစ်တည်းက လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ နယ်မြေအသီးသီးတွင် သစ်ခုတ်ရောင်းချမှုများနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေပြီး နယ်မြေ အငြင်းပွားမှုများလည်း ရှိနေသည်။

J-08



FOLLOW US