News

POST TAGGED AS

မွန်ပြည်နယ်

13-Jan-2017

ရဲတပ်ဖွဲ့
မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ မွန်စကားသင်
မော်လမြိုင်၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင် အတွင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မွန်ဘာသာ အခြေခံ စကားပြောသင်တန်း သင်ကြားပို့ချလျက် ရှိကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မွန်လူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ပြေလည်စေရန်အတွက် ယင်းသို့ သင်ကြားခြင်း ဖြစ်ပြီး မော်လမြိုင်ခရိုင်ရှိ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင် ၃၃ ဦးကို ကနဦး သင်ကြားပို့ချပေးလျက် ရှိသည်။

“ဒီလိုသင်ကြားတာ မွန်ပြည်နယ်မှာ ပထမဆုံးပါပဲ၊ နောက်လည်း သင်ကြားဖို့ ရှိတယ်၊ တစ်ကြိမ်ကို သုံးဆယ်ကျော်လောက်ခွဲပြီး သင်ကြားတယ်၊ သထုံခရိုင်ဘက်မှာလည်း သင်ကြားဖို့ ရှိတယ်” ဟု မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး သင်တန်းဌာနခွဲမှ ရဲအုပ်မြင့်အေးက ပြောသည်။

သင်တန်းကို မွန်စကားပြောတတ်သည့် သံဖြူဇရပ်မြို့နယ်မှ ရဲအုပ် မင်းဌေးမောင်မောင်၊ ချောင်းဆုံမြို့နယ်မှ ဒုတပ်ကြပ်ကြီး မင်းကျော်မြတ်မိုးနှင့် ဒုတပ်ကြပ် မင်းစိန်အောင်တို့က သင်တန်းဆရာအဖြစ် သင်တန်းသားများကို အလှည့်ကျ သင်ကြားပေးသည်။

“ကိုယ်က မြန်မာစကားပဲ ပြောတတ်တော့ မွန်စကားကို ပြောဖို့ တော်တော်သင်ယူရတယ်၊ ဆရာတွေ တစ်နေ့ကို စကား အလုံး ၂၀ သင်ရင် ၁၀ လုံးလောက် မှတ်မိအောင် ကြိုးစားရတယ်” ဟု ကျိုက်မရောမြို့နယ်မှ ဒုတပ်ကြပ် မြင့်ဌေးက ပြောသည်။

စနေ၊ တနင်္ဂနွေနေ့မှအပ ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ အချိန်ပြည့် ပြုလုပ်ခြင်း ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

Dawei Watch



FOLLOW US