News

POST TAGGED AS

မွန်ပြည်နယ်

မွန်အမျိုးသားကျောင်း ပြန်လည်တည်ဆောက်ရန် သိန်း ၁ ထောင်ကျော်ရ
မော်လမြိုင်၊ ဇူလိုင် ၂၃

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင်ရှိသော မွန်အမျိုးသားပညာရေးကျောင်းများ ပျက်စီးယိုယွင်းနေမှုများကို အသစ်ပြန်လည်တည်ဆောက်ရေးအတွက် ပြည်ပရောက် မွန်အလုပ်သမားများနှင့် အလှူရှင်များက အလှူငွေ သိန်း ၁၀၀၀ ကျော် ရရှိထားကြောင်း “အအာ” အဖွဲ့ ဦးဆောင်သူ အရှင်အဇ္ဇက မိန့်ကြားသည်။ 

မွန်အမျိုးသားပညာရေးကျောင်းဆောင် ပျက်စီးနေသည့် ကျေးရွာများမှ ဒေသခံများက ကျောင်းဆောင်ဆောက်လုပ်ရေး ကော်မတီဖွဲ့၍ “အအာ” အဖွဲ့ထံသို့ အကူအညီတောင်းခံလာသဖြင့် အလှူငွေကောက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မိန့်ကြားခဲ့သည်။

“ဦးပဉ္စင်းတို့ အဖွဲ့က မွန်အမျိုးသားကျောင်းက ကလေးတွေကို ကျောက်သင်ပုန်းလှူတယ်၊ အဲဒီကနေ ကျောင်းဆောင်တွေ ပျက်စီးနေတာတွေ တွေ့ရတယ်၊ ကလေးတွေ ခက်ခက်ခဲခဲစာသင်နေရတာကိုတွေ့ရတော့ ဒီအကြောင်းက အွန်လိုင်မှာ ပျံ့သွားပြီး အလှူရှင်တွေပေါ်လာတယ်” ဟု အရှင် အဇ္ဇက မိန့်သည်။

လက်ရှိတွင် မွန်အမျိုးသားကျောင်းအတွက် ကျေးရွာ၇ရွာမှ ကျောင်းဆောင် ၇ ဆောင်ကို လှူဒါန်းနိုင်ခဲ့ကြောင်း၊ ယင်းကျောင်းများအနက် ၂ ကျောင်းမှာ အချောသတ်ပြီးစီးသော်လည်း ကျန် ၅ ကျောင်းမှာ အကြမ်းထည်သာ ပြီးသေးကြောင်း၊ ကျောင်းဆောင်များအပြင် စာရေးခုံများ၊ ဆရာများ စာသင်ကြားနိုင်ရေးအတွက် White board များကိုလည်း လှူဒါန်းပေးခဲ့ကြောင်း၊ အချို့ကျောင်းများကို မွန်ပညာရေးဌာနမှ အလှူငွေနှင့် ပူးပေါင်း၍ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် မလေးရှားနှင့် ဂျပန်နိုင်ငံရောက် မွန်အလုပ်သမားများထံမှ အလှူငွေ အများဆုံးရရှိခဲ့ပြီး ထိုင်း၊ စင်ကာပူ၊ ဩစတြေးလျ၊ ကိုရီးယာ၊ အမေရိကန်နိုင်ငံရောက် မွန်လူမျိုးများနှင့် ပြည်တွင်းရှိ မွန်အလှူရှင်များကလည်း စုပေါင်းလှူဒါန်းခဲ့ကြသည်။

ဆောက်လုပ်ပြီးစီးသွားသည့် ကျောင်းများမှာ မော်လမြိုင်ခရိုင်ရှိ ဝေသလီအနောက်ကျောင်း၊ ငှက်ပျောတောကျောင်း၊ ကတွန်စုကျောင်း၊ ကော့အံထောကျောင်း၊ ဖာခပိုကျောင်းတို့အပြင် ကော့ကရုပ်နှင့် ပလိုင်သီကျောင်းတို့ကိုလည်း ထောက်ပံ့ပေးခဲ့သည်။

ကျောင်းဆောင်များဆောက်လုပ်မှုကို မွန်အမျိုးသားပညာရေးဌာနသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်းမရှိသော်လည်း ဌာနအနေနှင့် ကျောင်းဆောက်လုပ်သည့် ကော်မတီများနှင့် ဘဏ္ဍာရေးရှာဖွေပေးသည့် “အအာ”​ အဖွဲ့ကိုလည်း ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း မွန်အမျိုးသားပညာရေးဌာနမှ သိရသည်။

R-21



FOLLOW US