News

POST TAGGED AS

မျိုးဆက်သစ်

မျိုးဆက်သစ်များ ပညာရည် အဆင့်အတန်း မြင့်မားဖို့ရန် ဆိုလျှင်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်လိုလျှင် အဓိက အားဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ကြရသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည် အဆင့်အတန်း မြင့်မားရေးသည် များစွာ အရေးပါလျက် ရှိသည်။ အထူးသဖြင့် မျိုးဆက်သစ်များ ပညာရည် မြင့်မားနေမှသာလျှင် ထိုနိုင်ငံသည် အဆင်းရဲဆုံး နိုင်ငံများ စာရင်းမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။ မြန်မာ့ပညာရေး စနစ်သည် လက်ရှိ အချိန်အထိ မြေစမ်းခရမ်းပျိုး ပုံစံကိုသာ ကျင့်သုံးနေရဆဲပင် ဖြစ်သည်။ အကျိုးဆက် အနေနှင့် မျိုးဆက်သစ်များသည် တစ်နေ့တခြား ပညာရည် တိုးတက်မှု ဆုတ်ယုတ်လာကြသည်။ 

လွန်ခဲ့သော သီတင်းပတ်က အမျိုးသမီးဖြစ်သူ ဆေးရုံတင်ထားရသဖြင့် စာရေးသူသည် အိမ်မှုကိစ္စများနှင့် သမီးနှစ်ဦး၏ ကျောင်းကိစ္စတို့ကို ထဲထဲဝင် လုပ်ပေးခဲ့ရသည်။ ဒုတိယတန်းတွင် ပညာ သင်ယူနေသည့် သမီးငယ်က စာရေးသူအား ကျောင်းကို လိုက်ပြီး အတန်းပိုင် ဆရာမနှင့် တွေ့ဖို့ တဖွဖွ တောင်းဆို လာပါသည်။ အကြောင်းရင်းကို မေးမြန်းကြည့်သောအခါ အစမ်း စာမေးပွဲမှာ အမှတ် ၁၀ဝ ဖိုး ဖြေမည်ဟု သမီးငယ်က ပြောထားသည်ကို အတန်းပိုင် ဆရာမက လက်မခံဘဲ မိဘ ကိုယ်တိုင် လာပြောမှသာ ရမည်ဟု မှာလိုက်ကြောင်း သမီးငယ်က ဖြေကြားလာသဖြင့် စာရေးသူ အံ့ဩခဲ့ရသည်။

သမီးတို့ အတန်းမှာ ကျောင်းသား မည်မျှရှိပြီး၊ အမှတ် ၁၀ဝ ဖိုး ဖြေဆိုမည့်သူ မည်မျှ ရှိသလဲလို့ မေးကြည့်သောအခါ။ ကျောင်းသား၊ ကျောင်းသူ ၆၀ ကျော် ရှိပြီး အမှတ် ၁၀ဝ ဖိုး ဖြေဆိုမည့်သူ ၁၀ ယောက်သာ ရှိကြောင်း၊ ထို ၁၀ ယောက်အနက် အတန်းပိုင် ဆရာမထံ ကျူရှင် တက်သည့် ကျောင်းသား ၆ ယောက်၏ မိဘများကို ကျောင်းသို့ လာရန် ခေါ်ဆိုထားခြင်း မရှိကြောင်းနှင့် သမီးငယ် အပါအဝင် ကျူရှင် မတက်သည့် ကလေးငယ် ၄ ယောက်၏ မိဘများကိုသာ ခေါ်ထားသည်ဟု သမီးငယ်က ရှင်းပြသည့်အခါ စာရေးသူ လွန်စွာ တုန်လှုပ်သွားပါသည်။ ဆရာမ တစ်ဦး အနေနှင့် တပည့်များအပေါ် ထိုသို့ ခွဲခြား ဆက်ဆံရသလားဆိုပြီး စိတ်ထဲမှာ တော်တော်လေး အချဉ် ပေါက်သွားပါသည်။ ထို့အပြင် ကျောင်းတွင် သမီးငယ် မျက်နှာငယ်ခဲ့ရမည့် ဖြစ်စဉ်ကို တွေးပြီး၍လည်း များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။

ကျောင်းကို ဘယ်အချိန် ခေါ်ထားသလဲလို့ မေးကြည့်လိုက်သည့်အခါ၊ အချိန်အတိအကျ မပြောလိုက်ကြောင်း သမီးငယ်က ပြန်ဖြေကြား လာပါသည်။ မေမေ ဆေးရုံ တင်ထားရသဖြင့် ကျောင်းကို လိုက်ဖို့ရန် အခက်အခဲရှိကြောင်း၊ ကျောင်းအုပ်ဆရာကြီးထံ ဖုန်းဆက်ပေးမည်ဟု ပြောသော်လည်း ဘဝင်မကျသဖြင့် သတ္တမတန်းတွင် ပညာသင်ယူနေသည့် သမီးကြီးကို အကူအညီ တောင်းလိုက်ရပါသည်။ သို့ရာတွင် သမီးငယ်သည် ကျောင်းသွားသည့်အခါ မျက်နှာ မကောင်းသဖြင့် အတန်းပိုင် ဆရာမနှင့် လိုက်တွေ့ပေးဖို့ရန် သမီးကြီးကို အကြိမ်ကြိမ် မှာလိုက်ရပါသည်။

စာရေးသူလည်း ရုံးသို့ ရောက်လျှင်ရောက်ချင်း ကျောင်းအုပ်ကြီးကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးမြန်း ကြည့်မိပါသည်။ ကျောင်းအုပ်ကြီးက ထိုသို့ ကျောင်းသားမိဘများအား ခေါ်ထားသည်ကို သူမ သိရကြောင်း၊ အမှတ် ၁၀ဝ ဖိုး ဖြေဆိုမည့်ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းသား မိဘများအား တရားဝင် အစည်းအဝေး ဖိတ်သွားမည်ဖြစ်ကြောင်း ဖြေဆိုလာပါသည်။ မည်သို့ပင် ဖြစ်နေစေကာမူ ကလေးများ၏ ဦးနှောက်နှင့် နှလုံးသားသည် နုနယ်လှသဖြင့် ကျူရှင်တက်သည့် ကလေးများနှင့် မတက်သည့် ကလေးငယ်များအား ခွဲခြား ဆက်ဆံခြင်းမျိုး မပြုလုပ်ရန်အတွက် ဒုတိယတန်း အတန်းပိုင် ဆရာမကို ပြောထားပေးရန် တောင်းဆိုခဲ့ရပါသည်။ ကျောင်းအုပ် ဆရာကြီးကလည်း အချိန်မီ တားဆီးပြုပြင် ပေးသွားမည်ဖြစ်ကြောင်း၊ ကျူရှင်ကိစ္စကိုလည်း ဆရာ၊ မိဘ အစည်းအဝေးတွင် ရှင်းပြမည်ဖြစ်ကြောင်း ဖြေကြားလာသဖြင့် သမီးငယ်အတွက် စာရေးသူ စိတ်သက်သာခဲ့ရပါသည်။

နောက်တစ်ပတ်ခန့် ကြာသည့်အခါ အမှတ် ၁၀ဝ ဖိုး ဖြေဆိုလိုသည့် ဆန္ဒ ရှိ၊ မရှိ မေးမြန်းသည့် စာရွက်ဖြတ်ပိုင်းငယ်လေးများ သမီး နှစ်ဦးထံ ပါရှိလာပါသည်။ စာရေးသူလည်း ဆန္ဒရှိကြောင်း လက်မှတ် ရေးထိုး ပေးလိုက်ပါသည်။ မြန်မာ ပြည်ပ ညာရေးစနစ်သည် တစ်ခုခု လွဲချော်နေသည်မှာ မေးစရာပင် မလိုပါ။ အခြေခံ ကျောင်းများသည် စာမေးပွဲ ကျင်းပမှုနှင့် ပတ်သက်၍ ကျောင်းသား မိဘများထံမှ သဘောထားခံယူရန် လိုအပ်ပါသလား။ စာရေးသူ အမြင်ကို တင်ပြရလျှင် အပိုအလုပ်ဟု ထင်ပါသည်။ ကျောင်းသားများ၏ ပညာရည် တိုးတက်ရေးအတွက် အစမ်း စာမေးပွဲများ ဖြေဆိုကျင်းပခြင်းသည် အခြေခံ ကျောင်းများ၏ တာဝန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောင်းသားများ၏ ပညာရည် အဆင့်အတန်းသည် စာမေးပွဲစနစ် မရှိလျှင် ယခုထက် ပိုမို နိမ့်ကျသွားမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။ နိုင်ငံတကာတွင်လည်း သင်ခန်းစာ အခန်းအလိုက် သုံးသပ်ချက် ပြုစု တင်ပြကြရပါသည်။

စာရေးသူတို့ငယ်စဉ်က အစမ်း စာမေးပွဲ နှစ်ကြိမ်နှင့် အတန်းတင် စာမေးပွဲ ဟူ၍ သုံးကြိမ် ဖြေဆိုခဲ့ရသည်။ အစမ်း စာမေးပွဲများတွင် သင်ကြားပြီး သင်ခန်းစာများကို အမှတ် ၁၀ဝ ဖိုး မေးပြီး အချိန် ၂ နာရီကြာ ဖြေဆိုရလေ့ ရှိသည်။ တစ်ကြိမ်ဆို တစ်ကြိမ်ဆိုသလောက် ထိထိမိမိ ကျက်မှတ် ဖြေဆိုခဲ့ရသည်။ ထို့ကြောင့် သင်ခန်းစာ အားလုံး ကျေညက်မှသာ စာမေးပွဲတွင် အမှတ် ကောင်းကောင်း ရရှိနိုင်မည်ဖြစ်သည်။ မှတ်ဉာဏ် မကောင်းသူများနှင့် စာကျက်ပျင်းသူများသည် အောင်မှတ် ၄၀ ရရှိဖို့ရန် များစွာ ခက်ခဲကြသည်။

သို့သော် မျက်မှောက်ခေတ် ကလေးငယ်များသည် ၂၅ မှတ်ဖိုးသာ ဖြေဆိုကြရသည်။ စာမေးပွဲတွင် မေးမည့် မေးခွန်း အားလုံးကိုလည်း ကြိုပေးထားပြန်သည်။ ၂၅ မှတ်ကို ၄ နှင့် မြှောက်ပြီး ၁၀ဝ ပေးထားသည်။ အမှတ် စာရင်း ထုတ်ပြန်ခြင်း မရှိဘဲ Grade A, B, C, D သာ ခွဲခြားထားသည်။ အစမ်း စာမေးပွဲများအတွက် ကျက်မှတ်ရသည့် သင်ခန်းစာမှာလည်း လွန်စွာ နည်းနေသောကြောင့် Grade A ရရှိဖို့ရန် မခက်ခဲချေ။ ထိုအကျိုးဆက်ကြောင့် အမှတ် ၁၀ဝ ဖိုး မေးခွန်းများဖြင့် အရည်အချင်း စမ်းသပ်ခွင့် မရရှိကြသော ကလေးများသည် စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် ဒသမတန်းတို့တွင် အကျအရှုံး များကြသည်။ ဆရာ၊ မိဘများနှင့် ပညာရေးဘက်က တာဝန်ရှိသူများ အချိန်မီ သုံးသပ်သင့်သော ပြဿနာပင် ဖြစ်သည်။

အချို့သော မိဘများသည် ၁၀ဝ ဖိုး မေးသည့်မေးခွန်းမျိုးကို မကြိုက်ကြဟုဆိုသည်။ အစမ်း စာမေးပွဲတွင် ၎င်းတို့၏ ကလေးများ ကျရှုံးမည်ကို စိုးရိမ်ပြီး ဆရာ၊ ဆရာမများကို စောဒက တက်ကြသည်ဟု ဆိုသည်။ မိဘများသည် စာမေးပွဲ ကျင်းပမှုနှင့်ပတ်သက်၍ စောဒက တက်ခြင်းသည် သား၊ သမီးများ၏ ပညာရည် အဆင့်အတန်း နိမ့်ကျအောင် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။ ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ အနေနှင့်လည်း သမာသမတ် ရှိမည်ဆိုလျှင် မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် ပြတ်ပြတ်သားသား ကိုင်တွယ်သွားသင့်ပေသည်။

ခြုံ၍ တင်ပြရလျှင် နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ် လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာ တည်မှီလျက် ရှိသည်။ ထိုမျိုးဆက်သစ်များ ပညာရည် အဆင့်အတန်း မြင့်မားရေးအတွက် သင့်တော်သည့် သင်ရိုး ညွှန်းတမ်းများ၊ သင်ကြား ပို့ချမှုနှင့် စာမေးပွဲ စနစ်များ ရှိနေမှသာ တိုးတက်နိုင်မည်ဖြစ်သည်။ ကလေးငယ်များ၏ တတ်မြောက်မှု အရည်အချင်းကို စမ်းသပ် စစ်ဆေးနိုင်ရန် အဆင့်မီသော မေးခွန်းများနှင့် ပုံမှန် စစ်ဆေးမှုများ မပျက်မကွက် ပြုလုပ်ပေးသွားရန် လိုအပ်ပေ သည်။ ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ အနေနှင့် သင်ကြားစီမံ ကိစ္စများအား တော်တည့် မှန်ကန်စွာ ထမ်းဆောင်သွားမည်ဆိုလျှင် အနာဂတ် မျိုးဆက်သစ် လူငယ်များသည် ပညာရည် အဆင့်အတန်း မြင့်မားလာမည်မှာ အမှန်ပင်ဖြစ်သည်။

မောင်သောင်းဝင်း (တမန်ဟောင်း)



FOLLOW US