News

POST TAGGED AS

မျိုးဆက်သစ်

17-Nov-2016

ပညာရေး ဆရာ
ဆရာများ၏ ရင်ဖွင့်သံ
ယခုအခါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လာသည်မှာ နှစ်တစ်ဝက် ကျော်ခဲ့ပြီ ဖြစ်သည်။ ပထမနှစ်ဝက် စာမေးပွဲ စစ်ဆေးပြီးလည်း ဖြစ်သည်။ ယခင်နှစ်များက စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်မေးခွန်း အတန်းတင် စာမေးပွဲ ကျရှုံးသူများကို ကုစားစနစ် ပြန်လည်သင်ကြားကာ ဖြေဆိုစေခဲ့သည်။ ယခုနှစ်တွင်မူ ယခင်နှစ်များကဲ့သို့ ကုစားဖြေဆိုခြင်း ခွင့်ပြု၊ မပြု တိတိကျကျ မသိရှိရသေးပေ။ သို့သော် ပထမနှစ်ဝက် စာမေးပွဲရလဒ်နှင့် အတန်းတွင်း သင်ကြား၊ သင်ယူမှု အခြေအနေအရ ပထမတန်းမှ ဒသမတန်း အတန်းအထိ ဘာသာရပ်အလိုက် ကျရှုံး၊ အားနည်းသည့် ကျောင်းသား၊ ကျောင်းသူများကို အချိန်ပိုအဖြစ် သင်ကြားရန် အခြေခံပညာကျောင်းများကို အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။ သို့သော် သင်ကြားရမည့် ဆရာ၊ ဆရာမများ အနေနှင့် မြေပြင်အခြေအနေတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ယင်းအခြေအနေများ အကြောင်း ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

ဦးဆန်းမျိုးအောင်  (အထက်တန်းပြ၊ အ.ထ.က (၇) ကလေးမြို့)

ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကလေးတွေအပေါ် စာမေးပွဲ စစ်ဆေးခြင်းနဲ့ တိုင်းတာပြီး စစ်ဆေးခိုင်းတယ်။ တကယ်ဆို စာမေးပွဲကျရင် အရည်အချင်း မရှိတာပေါ့။ နောက်တစ်ခုက ရာခိုင်နှုန်းနဲ့ ဆွဲတင်ပြီး အောင်စေတယ်။ ထပ်ပြီး အရည်အချင်း မရှိသူတွေ ထပ်တက်လာတယ်။ အဲဒီကလေးတွေကို စာမေးပွဲ စစ်ဆေးခြင်းနဲ့ တိုင်းတာတော့ရော အောင်မှာလား။ ထပ်ပြီး စာမေးပွဲကျတာပဲ။ အခု စာမေးပွဲကျတဲ့ သူတွေကို သူတို့က ပြန်ကုစားပါ။ မအောင်မချင်း ကုစားပါ ဆိုတာကတော့ သူတို့လုပ်ထားတဲ့ စနစ်အပေါ် ကျွန်တော်တို့ကို ပုံချတယ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေ မတတ်တာ ဆရာတွေညံ့လို့ ဆရာတွေ အပြစ်လို့ ပြောလာတာပေါ့ဗျာ။

ကျွန်တော် ထင်ပါတယ် တော်တော်များများဟာ ကုစားခြင်းလုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာမေးပွဲကျတဲ့သူကို စာသင်ချိန်ပြင်ပမှာ သင်ရမယ်။ ပြီးတော့ မေးခွန်းအသစ် ထုတ်ပြီး မအောင်မချင်း ပြန်ကုစားရမယ် ဆိုတော့ ဒီလိုသာ လုပ်နေရင် ကျွန်တော်တို့ အဲဒီစာမေးပွဲကျတဲ့ ကလေးနဲ့ပဲ တစ်နှစ်လုံး အချိန်ကုန်သွားပါလိမ့်မယ်။ ဘာကြောင့်လဲ။ ကလေးက တော်ရုံတန်ရုံ အခြေခံ မပါတာ မဟုတ်ဘဲ အခြေခံကို ဆူပါပါဝါနဲ့ကို ပါမလာလို့ပါ။ ကြုံနေရတဲ့သူတွေ သိပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ ဆယ်တန်းအောင်ချက် မြင့်မားရေးအတွက် မနက်တွေ ညနေတွေမှာ အချိန်ပို သင်နေရပါတယ်။ ကျန်တဲ့အချိန်ကို ကုစားကလေးအတွက် သင်ရမယ်ဆိုတော့ ကျွန်တော်တို့မှာ နားချိန်တောင် ရတော့မှာ မဟုတ်ပါဘူး။ 

အခုက လေးတန်းနဲ့ ရှစ်တန်းကို မကျခင် ကုစားဖို့ အမိန့်စာ (Order) ထွက်တယ်။ ကျွန်တော်တို့ ကိုးတန်း၊ ဆယ်တန်းတွေကိုတော့ လပတ်စာမေးပွဲကျတဲ့ သူရော၊ နှစ်ဝက်စာမေးပွဲ ကျတဲ့သူရော အားလုံးကို ကုစားဖို့ မြို့နယ်ပညာရေးမှူးက ပြောသွားတယ်။ ကုစားသင်ရမယ်။ ကုစားမေးခွန်း ထားရမယ်။ ကုစားမှတ်တမ်း ထားရမယ်တဲ့ ခင်ဗျ။ ကုစားနဲ့ ကျွန်တော်တို့ ရှိသမျှ အချိန်တွေ ကုန်ရချည်ရဲ့ခင်ဗျာ။ ပြီးတော့ ကလေးတွေအတွက် ကျောင်းချိန်ပြင်ပမှာ လာတက်ဖို့ကလည်း ဘော်ဒါတွေ နေသေးတာမို့ မဖြစ်နိုင်ပြန်ဘူး။ ဒီတော့ ဒီကုစားခြင်း ဆိုတာဟာ ဆရာ၊ ဆရာမ အများစုအတွက် On Paper သာ ဖြစ်လာတော့တယ်။ ဒါကလည်း မဆန်းပါဘူး။ သူတို့ကလည်း Paper ပဲ စစ်ဆေးကြတာလေ။ ဖြစ်သလို လုပ်နေတာ မဟုတ်ပါဘူး။ ဖြစ်အောင် အတင်းလုပ်ခိုင်းနေလို့ လုပ်နေကြရတာပါ။ ခိုင်းတာကတော့ ပါးစပ်ကလေးနဲ့ သိပ်လွယ်ပေမယ့် လက်တွေ့မှာ လုပ်ဖို့ခက်လှပါတယ်။ တကယ်ကုစားခြင်းကို ထိရောက်စေချင်ရင် စာမေးပွဲစနစ်ကို ပြင်ပေးပါ။ စာမေးပွဲကျရင် ကျတဲ့အတိုင်း ထားပါ။ ဒါဆို အခြေခံပါတဲ့ ကလေးတွေ ကျတာက ကုစားရတာ ထိရောက်မယ်။

ဒါပေမဲ့ သူတို့ ဘာကြောင့် ရာခိုင်နှုန်းနဲ့ အတင်းဆွဲနေရတာလဲ ဆိုတော့ ကျောင်းထွက်နှုန်း (Drop out) ကြောင့်ပါပဲ။ ကျောင်းထွက် (Drop out) ဖြစ်သွားတဲ့ ကလေးဟာ ကလေးလုပ်သား ဖြစ်သွားမှာ စိုးတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာလို ကလေးတွေကို Drop out မရှိစေတဲ့ စနစ်ကိုတော့ အကောင်အထည် မဖော်ဘူးလေ။ ဒီစနစ်မှာပဲ လုံးချာလည်လိုက်နေတာ။ ကျွန်တော်တို့ အခြေခံက ဆရာ၊ ဆရာမတွေဟာ ဒီစနစ်ဆိုးမှာ မွန်းကျပ်နေကြပါပြီ။ မထွက်နိုင်လို့သာ လုပ်နေကြရတာပါ။ ကျွန်တော်တို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားနှင့်အညီ ပညာရေး စနစ်သစ်ကို ဆာလောင်ငတ်မွတ်နေကြပါပြီ။ မျိုးဆက်တုံး ပညာရေး စီမံကိန်းတွေ ရပ်တန်းက ရပ်ပြီး စနစ်သစ်ကို ဦးတည်ဖော်ဆောင်ပေးကြပါ။ ကျွန်တော်တို့ အဲဒီစနစ်သစ်ဖောင်ဆောင်တဲ့ စီမံကိန်းမှာ တစ်တပ်တစ်အား ပါဝင်ပါရစေလို့ပဲ ပြောချင်ပါတယ်ဗျာ။    

ဒေါ်ထူးဝေအောင် (မူလတန်းပြ၊ အခြေခံပညာ မူလတန်းကျောင်း ကုန်းဆုံကျေးရွာ)

ကျွန်မက ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း ကုန်းဆုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဖြစ်ပါတယ်ရှင့်။ ဆရာ၊ ဆရာမ အများစုက မိမိတို့ တတ်ထားသမျှ၊ မှတ်ထားသမျှ သင်ယူထားသမျှသော အရာအားလုံးကို မတွန့်မတို ရင်ထဲက စေတနာအမှန်ဖြင့် ဝေမျှပေးနေရုံ မဟုတ်ဘဲ မိမိတို့ရဲ့ တပည့်ကလေးတွေကို တစ်ခုမကျန်၊ တစ်ယောက်မကျန်ကို ပုံပြီးပေးနေသူများ ဖြစ်ပါတယ်။ ကျွန်မဟာ ပုံမှန် ညနေကျောင်းဆင်းချိန်မှာ ကလေးတွေကို အချိန်ပိုင်းခေါ်ပြီး သင်ကြားပေးပါတယ်။ ကျွန်မ သင်ကြားပေးနေတဲ့ ကလေးတွေထဲမှာ တတ်နိုင်သူ အနည်းစုက ပြင်ပကျူရှင်ကို တက်ကြပါတယ်။ ညနေခင်းတစ်ခုမှာ ကျောင်းသားမိဘတစ်ဦးက ကျောင်းက အချိန်ပို အမှန်ခေါ်ယူ သင်ကြားတာ ဟုတ်၊ မဟုတ် လာရောက်ကြည့်ရှုပါတယ်။ အချိန်ပို ခေါ်ယူသင်ကြားခြင်းက တစ်လကို နှစ်သောင်းပေးပြီး တက်နေတာကို မတက်ရဘူးလို့ ပြောပါတယ်။ 

ဤနေရာမှာ ကျူရှင်တက်မှ စာတတ်မည် မဟုတ်တာကိုတော့ ကျောင်းသားမိဘများကို သိစေချင်ပါတယ်ရှင့်။ ထိုစကားကြားရလို့ ကျွန်မ အမှန်ပဲ ဝမ်းနည်းမိပါတယ်။ ကျူရှင်သည် ကျောင်းထက်ပို၍ အရေးပါနေပါလားဟုပင် မြင်မိပါတော့တယ်။ ဒါ့အပြင် ကျူရှင်ဆရာမသည် ကျောင်းဆရာမတွေထက် ပိုပြီး အလေးပေးခြင်း ခံရပါတယ်။ ကျောင်းစာထက် ကျူရှင်စာက ပိုအရေးပါနေတယ်လို့ မှတ်ယူထင်မှားနေကြခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ပိုက်ဆံပေးမှသာလျှင် ပိုပြီး တန်ဖိုးရှိသည်လို့ ထင်နေကြပါတယ်။ ကျွန်မတို့ ကျောင်းဆရာမတွေက ကျူရှင်ဆရာမများထက် မလျော့တဲ့ စေတနာနဲ့ သင်ကြားပေးနေသူများ ဖြစ်ပါတယ်။ ကျွန်မ အခုရေးသားထား သမျှက မည်သူ့ကိုမှ ထိခိုက်စေဖို့ ရည်ရွယ်ရေးသားခြင်း မဟုတ်ပါဘူးရှင့်။ ကျွန်မရဲ့ ရင်တွင်းမှာ ခံစားမိတဲ့ ဝေဒနာတစ်ခုကို ထုတ်ဖော်ခြင်းသာ ဖြစ်ပါတယ်။ 

ကျွန်မ တစ်ခုပြောချင်သည်ကတော့ ပြင်ပမှာ အခကြေးငွေယူပြီး သင်ကြားနေတဲ့ ဆရာမလောက် ယုံကြည်အားကိုးထိုက်သူ တစ်ယောက် မဖြစ်သေးသည်ကိုတော့ အမှန်ပင် ဝမ်းနည်းမိပါတယ်ရှင့်။



FOLLOW US