News

POST TAGGED AS

မျက်စိ

အမျိုးသမီးများ၏ မျက်စိကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
အမျိုးသမီးများ၏ မျက်စိကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့တွင် မကြာသေးမီက ပြုလုပ်ခဲ့သော မျက်စိ ကျန်းမာရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၏ တွေ့ရှိချက်များအရ အမြင်အာရုံ လုံးဝဆုံးရှုံးမှုနှင့် လျော့နည်း ကျဆင်းသူများ၏ သုံးပုံနှစ်ပုံသည် အမျိုးသမီးများဖြစ်ကြောင်း သိရပါသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် အတွင်းတိမ်ဖြစ်ပွားမှုကို အချိန်မီ မသိရှိသောကြောင့် အမြင်အာရုံ ဆုံးရှုံးရသူများတွင်လည်း အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးက ပို၍များကြောင်း တွေ့ရှိရသည်ဟုလည်း ဆိုပါသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ ကမ္ဘာတစ်ဝန်း မျက်စိ ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း (၂၀၁၄-၂၀၁၉) တွင် ဦးစားပေး ကဏ္ဍအဖြစ် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို ထည့်သွင်းထားပါသည်။ ယင်းအစီအစဉ်အရ ပဏာမ လေ့လာ သုံးသပ်ချက်များ ပြုလုပ်ရာတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား စောင့်ရှောက်မှုပေးရာတွင် အဟန့်အတား အချို့ရှိနေကြောင်း ထိုတွေ့ရှိချက်များ၌ ဖော်ပြထားသည်။ အဓိက အခက်အခဲမှာ ကျန်းမာရေး ဝန်ထမ်းများအား ပူးပေါင်းကူညီမှု အားနည်းခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ အထက်ပါ အခက်အခဲများကို ကျော်လွှား လွတ်မြောက်နိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေကြည့်ကြရာတွင် ၂၀၁၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီးဖြစ်သည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ မျက်စိကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုကို သုံးသပ်လေ့လာခြင်းဆိုင်ရာ ဖိုရမ်မှ အကြံပြုချက်များကို လက်ခံသင့်ကြောင်း တွေ့ရှိလာကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကမ္ဘာတစ်ဝန်း မျက်စိကျန်းမာရေး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း (၂၀၁၄-၂၀၁၉) ၏ အစိတ်အပိုင်း ဖြစ်သော ကမ္ဘောဒီးယားဖိုရမ်က အမျိုးသမီးများနှင့် မိန်းကလေးငယ်များ မျက်စိကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ကျသော နည်းလမ်းငါးသွယ်ကို အောက်ပါအတိုင်း မီးမောင်း ထိုးပြထားပါသည်။

(၁) ဖြစ်နိုင်ခြေရှိသော အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်ခြင်း

လူမှုအသိုင်းအဝိုင်းကို အခြေခံသော အိမ်တိုင်ရာရောက် စမ်းသပ်စစ်ဆေးမှုနှင့် လုပ်ခွင့်မပျက် စောင့်ရှောက်မှုများသည် အမျိုးသမီးများ၏ သဘာဝအရ ဖြစ်နိုင်ခြေရှိသည့်အတွက် ဆောင်ရွက်သင့်သော အစီအစဉ် ဖြစ်ပါသည်။ ထိုသို့သော ဆေးရုံ၊ ဆေးခန်း ပြင်ပလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ပူးပေါင်းမှု ရှိစေရေးအတွက် စည်းရုံးကြရာတွင် အခြေအနေကို လေ့လာသုံးသပ်၍ ဆောင်ရွက်ရန် အရေးကြီးပါသည်။ ဈေးများ၊ ကျောင်းများသည် အရေးပါသော နေရာများဖြစ်ပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်များထံမှ အကြံပြုချက်များ ရနိုင်ပါသည်။ အကြံပေးသူနှင့် ဝေဖန်သူများကို အားပေးခြင်း၊ ပံ့ပိုးမှုပြုခြင်းဖြင့် လူတန်းစား အသီးသီးကို ကိုယ်စားပြုသော အမျိုးသမီး ကိုယ်စားလှယ်များ ပေါ်ပေါက်လာစေ၍ မိမိတို့၏ အစီအစဉ်ကို ပိုမိုခရီးရောက်စေမည် ဖြစ်ပါသည်။

(၂) အမျိုးသမီးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ခြင်း

အမျိုးသမီးအဖွဲ့များ၊ အေဂျင်စီများ၊ အစိုးရဌာနများ၊ မိခင်နှင့် ကလေးအသင်းအဖွဲ့များ၊ မျိုးဗီဇနှင့် သားဆက်ခြားကိစ္စများ လေ့လာသူ အစိုးရမဟုတ်သော အဖွဲ့များ၊ အမျိုးသမီးနှင့် မိန်းကလေးများ၏ အကျိုးစီးပွားအတွက် ထိရောက်သော ရည်ရွယ်ချက်၊ ဦးတည်ချက်တို့ဖြင့် ဆောင်ရွက်နေသည့် နက်ဝပ်နှင့် ဖောင်ဒေးရှင်းများ(ကမ္ဘောဒီးယားတွင် Fred Hollows ဖောင်ဒေးရှင်းကဲ့သို့) စသည်တို့နှင့်ပူးတွဲ၍ အမျိုးသမီးများ၏ မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် အားထုတ်ကြရန် ဖြစ်ပါသည်။

(၃) လုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုဆောင်း၍ စိစစ်ခြင်း

အသက်အရွယ်၊ လိင်ကွဲပြားမှု၊ ယဉ်ကျေးမှုများ၊ ဆေးပညာရပ်ဒေတာများကို စုစည်း၍ သုံးသပ်ရန်လို ပါသည်။ အချို့သော အဖွဲ့အစည်းများသည် အချက်အလက်များ စုဆောင်းထားသော်လည်း၊ မျက်စိကျန်းမာရေး လုပ်ငန်းများအတွက် မပြည့်စုံသည်များ ရှိနေတတ်ပါသည်။ ထိုလိုအပ်ချက်များကို သေချာစွာ လေ့လာ၍ လက်တွေ့ အသုံးတည့်သော အချက်များကို စုဆောင်းရန် အရေးကြီးပါသည်။ အရပ်ဒေသ ကွဲပြားမှုအပေါ် မူတည်၍ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက် အချိုးအစား၊ ဆေးဝါးများ လိုအပ်ချက်၊ ကုသမှု ကိရိယာများ လိုအပ်ချက်နှင့် အလှူရှင်များ သိရှိလိုသည့် အချက်အလက်များ ရှာဖွေစုဆောင်းခြင်းများသည်လည်း အရေးပါပါသည်။

(၄) ပရော်ဖက်ရှင်နယ် အမျိုးသမီး မျက်စိ ကျန်းမာရေး ဝန်ထမ်းများ ခန့်ထား ဆောင်ရွက်ခြင်း

ဘာသာစကား၊ ယဉ်ကျေးမှု၊ နေရာဒေသ၊ လိင် ကွဲပြားများ ရှိစေကာမူ အမျိုးသမီး လူနာများအား မျက်စိ ကျန်းမာရေး ဝန်ထမ်းများက အကူအညီပေးရာတွင် ထိရောက်မှုရှိရန် အရေးကြီးပါသည်။ ကြုံတွေ့နေရသည့် မိသားစု ဖိအားများကိုလျှော့ချ၍ ထိန်းညှိပေးနိုင်သော၊ အကြံဉာဏ်ကောင်းများ ပေးလျက် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ထောက်ပံ့မှု ပေးနိုင်သည့် ပရော်ဖက်ရှင်နယ် အမျိုးသမီး မျက်စိကျန်းမာရေး ဝန်ထမ်းများ အထူး လိုအပ်ပါသည်။

(၅) အမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုရရှိရေးကို မြှင့်တင် ဆောင်ရွက်ခြင်း

ဤနေရာ၌ စဉ်းစားဖွယ်ရာ အများအပြား ရှိပါသည်။ အမျိုးသမီးနှင့် အမျိုးသား ကွာဟမှုကို မျှတရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ အချက်အလက် စုဆောင်းရာတွင်လည်းကောင်း၊ အစီရင်ခံစာများရေးရာတွင်လည်းကောင်း၊ အမျိုးသမီးနှင့် အမျိုးသားများ၏ ကွာဟမှုသည် ၅၀/၅၀ ညီမျှရန်မှာ သဘာဝမကျသော ကိစ္စသာ ဖြစ်ပါသည်။ အဓိက ဆိုလိုရင်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ပိုမိုဂရုတစိုက် ကုသပေးခြင်းဖြင့် အခွင့်အရေးများ ညီမျှလာရန်ဖြစ်ပါသည်။ ဥပမာအားဖြင့် မျက်စိအမြင် ဆုံးရှုံးသူ အရေအတွက်သည် အမျိုးသားထက် အမျိုးသမီးက ပို၍ များနေရခြင်း၏ အကြောင်းရင်းကို လေ့လာသုံးသပ်ကြည့်ပါ။ ၎င်းသည် အမျိုးသမီးများ၏ သဘာဝဖြစ်သော သည်းခံခြင်းနှင့် မျှော်လင့် စောင့်စားခြင်း (မိမိထံ အလာကို စောင့်ခြင်း) အလေ့အကျင့်များကြောင့်၊ အမြင်အာရုံ ဆုံးရှုံးသည်အထိ အန္တရာယ်ရှိသော မကူးစက်တတ်သည့် အတွင်းတိမ်နှင့် ကူးစက်တတ်သည့် မျက်ခမ်းစပ် ကဲ့သို့သော ရောဂါများသည် အမျိုးသမီးများတွင် အများဆုံး တွေ့ကြရခြင်းဖြစ်၏။ သို့ဖြစ်ရာ မျက်စိကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ၊ ဖောင်ဒေးရှင်းများသည် အမျိုးသမီးများ၏ သဘာဝကို သဘောပေါက် လက်ခံကြလျက် ခိုင်မာသော ဦးတည်ချက်များ ချမှတ်၍ ပိုမိုအာရုံစိုက် ကုသပေးခြင်းအားဖြင့် အမျိုးသမီးများ အမြင်အာရုံ ဆုံးရှုံးမှုနှုန်း လျော့ကျလာပြီး အမျိုးသားများနှင့် ကွာဟချက် ကျဉ်းမြောင်းသွားမည် ဖြစ်ပါသည်။

မောင်ပြည့်အောင် (Ophthalmic Assistant)
chejournal.com ü Damian Facciolo.Regional Programme Manager, The Prevention of Blindness, Singapore. နှင့် Camille Neyhouser .Coordinator,The Fred Hollows Foundation, Sydney, Australia. တို့ ရေးသားသော Putting women’s eyesight first ကို မှီငြမ်းပါသည်။



FOLLOW US