News

POST TAGGED AS

မုံရွာ

မုံရွာသတင်းထောက် အသတ်ခံရမှု သံသယရှိသူ နှစ်ဦးကို ဖမ်းဆီး
မုံရွာ၊ ဒီဇင်ဘာ ၂ဝ 

မုံရွာမြို့ ပြည်ထောင်စုလမ်းမတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည့် မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုတွင် သံသယရှိသူ နှစ်ဦးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။ 

အဆိုပါ အမှုနှင့်ပတ်သက်၍ အထူး စုံစမ်းရေးနှင့် စစ်ဆေးရေး အဖွဲ့ကို တိုင်းရဲတပ်ဖွဲ့မှူး အမိန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး ရက်တစ်ပတ်ကျော်ကြာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်၍ သံသယဖြစ်ဖွယ် တွေ့ရှိချက်များအရ မုံရွာမြို့ မြို့သစ်ရပ် KTV တစ်ခုမှ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမှုစစ် ရဲမှူးသိန်း ဆွေမြင့်က ပြောကြားသည်။

ထို့ပြင် သံသယဖြစ်ဖွယ် သက်သေခံ ပစ္စည်းအဖြစ် ၎င်းတို့ နေထိုင်ရာ ဆိုင်မှ သစ်သားတုတ် တစ်ချောင်းကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် မြို့နယ် တရားရုံးသို့ ပို့ဆောင်ကာ ချုပ်နှောင်ခွင့်ရမန် ယူထားကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ အမှုဖြစ်ပွားပြီး ရက်တစ်ပတ် ကြာမြင့်လာသည့်အချိန်တွင် စုံစမ်းစစ်ဆေးမှု များစွာ ပြုလုပ်ခဲ့ပြီး လူပေါင်း ၃ဝ ကျော် စစ်ဆေးခဲ့ကာ အမှုမှန် ဖော်ထုတ်နိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း၊ အဆိုပါ အမှုကို တိုင်းရဲတပ်ဖွဲ့ မှုခင်းအကူ၊ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် နေပြည်တော် စီအိုင်ဒီအဖွဲ့တို့ ပူးပေါင်း စစ်ဆေးလျက်ရှိကြောင်း ရဲမှူးသိန်းဆွေမြင့်က ပြောဆိုသည်။

“နီးစပ်နေပါပြီ။ ဘယ်လောက်ဆိုတာကတော့ မပြောနိုင်ဘူး။ တတ်နိုင်သမျှ နေ့ရော ညရော လုပ်ဆောင် နေပါတယ်။ ကျူးလွန်တဲ့ပုံစံအရ မသင်္ကာစရာ အချက်တွေအရ ရမန်ယူပြီး စစ်ဆေးသွားမယ်”ဟု ၎င်းကဆိုသည်။

သေဆုံးသူ မုံရွာ သတင်းထောက်သည် မုံရွာမြို့ မြို့သစ် ရပ်ကွက်ရှိ ကေတီဗီ တစ်ခုတွင် ယင်းနေ့ ည ၈ နာရီမှ ၁၁နာရီခွဲ အထိရှိ နေခဲ့ပြီး ယင်းဆိုင်မှ အပြန်တွင် သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း မုံရွာမြို့မ ရဲစခန်းတွင် စစ်ဆေးချက်များအရ သိရသည်။

R-08



FOLLOW US