News

POST TAGGED AS

မုံရွာ

05-Sep-2018

သတင်းထောက်
ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် မြန်မာအစိုးရကို အမေရိကန်ဒုသမ္မတတိုက်တွန်း
ရန်ကုန်၊ စက်တင်ဘာ ၅

နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေချိုးဖောက်မှုဖြင့် တနင်္လာနေ့က ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသော ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က မြန်မာနိုင်ငံကို တိုက်တွန်းဆော်ဩလိုက်ကြောင်း၊ တစ်ချိန်တည်းမှာပင် ယင်းရိုက်တာသတင်းထောက် AP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရိုက်တာသတင်းထောက်နှစ်ဦးအား မြန်မာတရားရုံးတော်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ မိုက်ပင့်စ်က “လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူအမြောက်အမြား သတ်ဖြတ်ခံရမှုတွေကို ထုတ်ဖော်ဖို့ကြိုးပမ်းခဲ့တဲ့ (ကို) ဝလုံးနဲ့ (ကို) ကျော်စိုးဦးတို့ကို ထောင်သွင်းအကျဉ်းချရမယ့်အစား ချီးမွမ်းပြောဆိုသင့်ပါတယ်”ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြသည်။

ထို့နောက် ဒုတိယသမ္မတမိုက် ပင့်စ်က ယခုလိုဆက်လက်ဖော်ပြသည်။

“ဘာသာရေး လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာ ခိုင်မာတဲ့ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်” 

ရိုက်တာသတင်းထောက်နှစ်ဦး ယင်းသို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများ၊ အထူးသဖြင့် အနောက်မီဒီယာများက မီဒီယာအပေါ် ဖိနှိပ်မှုအဖြစ် ဝိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့သလို မီဒီယာလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေး လှုပ်ရှားသည့် အဖွဲ့အစည်းများကလည်း ပြစ်တင်ဝေဖန်ခဲ့ကြရာ ယခုအခါ မြန်မာအစိုးရကို ဖိအားပေးသူများထဲတွင် ဒုတိယသမ္မတမိုက်ပင့်စ်လည်း ပါဝင်လာသည်။ 

မိုက်ပင့်စ်က Twitter ၌ ထပ်မံဖော်ပြရာတွင် ရိုဟင်ဂျာ (ဘင်္ဂါလီ) ဒုက္ခသည်များကို ညှဉ်းပန်းနှိပ်စက်သည့် လူသားမဆန်မှုများကို ရေးသားဖော်ပြမိတဲ့အတွက် အဆိုပါ ရိုက်တာသတင်းထောက် နှစ်ဦးကို မြန်မာတရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တဲ့ကိစ္စကြောင့် တကယ့်ကို ရတက်မအေးစရာဖြစ်ခဲ့ရပါတယ်”ဟု ဆိုပြန်သည်။

သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီး နောက်တစ်နေ့တွင် ကုသလမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက အမေရိကန်ပြည်ထောင်စုအနေနှင့် ၎င်းတို့နှစ်ဦးနှင့်ပတ်သက်၍ ပိုမို အလေးအနက်ထား ပြောဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အဲဒီသတင်းထောက်တွေဟာ အမှန်တရားကို ပြောမိ (ရေးမိ)တဲ့အတွက် အဖမ်းခံလိုက်ရတယ်”ဟု မစ္စနစ်ကီဟာလေက ဆိုသည်။ 

နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီမှ မာ့ခ်ဂရင်းဆိုသူကလည်း ယခုလိုပြစ်ဒဏ်ချမှတ်မှုများသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် ကြီးမားသည့် အနှောင့်အယှက်ပင် ဖြစ်သည်ဟု ပြောကြားသည်။

ဘင်္ဂါလီဒုက္ခသည်များနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ၊ အထူးသဖြင့် အနောက်မီဒီယာများက မြန်မာနိုင်ငံ အစိုးရနှင့် စစ်တပ်ကို ဖိအားပေး ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းထဲတွင် တရုတ်မီဒီယာများ မပါဝင်ခဲ့ပေ။ 

တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာကမူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာနိုင်ငံ၏အသံကို သေချာနားထောင်သင့်ကြောင်း၊ အကြောင်းမှာ ဘင်္ဂါလီပြဿနာကို မြန်မာနိုင်ငံမဟုတ်သည့် အခြားမည်သည့်နိုင်ငံကမျှ ဝင်ရောက်ဖြေရှင်း၍ မရနိုင်သောကြောင့်ဖြစ်ကြောင်း သတိပေး ရေးသားသလို နိုင်ငံတကာ အသိုင်းအဝိုင်း ဟူသော စကားလုံးသုံးနှုန်းမှုဆိုသည်မှာလည်း အမေရိကန်နှင့် အနောက်နိုင်ငံ အနည်းငယ်ကိုသာ ကိုယ်စားပြုခြင်းဖြစ်နေကြောင်း ထောက်ပြလိုက်သည်။

F-01



FOLLOW US