News

POST TAGGED AS

မုံရွာ

27-Jul-2018

မြေ မုံရွာ
တပ်က မြေတူးဖော်မှုကို ရွာသားများ တားမြစ်


မုံရွာ၊ ဇူလိုင် ၂၆

မုံရွာမြို့နယ်၊ သပြေတောရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ပလ္လင်ကုန်းလမ်းဘေးရှိ မြေပေါ်တွင် နမခ လက်အောက်ခံတပ်က ဇူလိုင် ၂၅ ရက်နေ့မှစ၍ မြေတူးဖော်ခြင်းနှင့် သစ်ပင်ခုတ်ခြင်းတို့ လုပ်ဆောင်နေ၍ ရွာသားများက တားမြစ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

အနောက်မြောက်တိုင်း စစ်ဌာနချုပ် သိမ်းဆည်းမြေဧက ၃၈၀ တွင် တပ်အဆောက်အအုံ ဆောက်လုပ်ထားခြင်းမရှိသဖြင့် သပြေတော၊ ပလ္လင်ကုန်း၊ ကံအို၊ မင်းတဲ၊ ကံကြီးနှင့် ရေအိုးစင်ကျေးရွာ ဒေသခံများကို ပြန်ပေးရန် ဗဟိုမြေစစ်၊ တိုင်းမြေစစ်အဖွဲ့ထံ တိုင်ကြားထားကြောင်း ၎င်းတို့က ပြောဆိုသည်။

“မြေစစ်က စစ်နေတဲ့ကာလမှာ သူတို့က စက်ယန္တရားနဲ့မြေတူးတာ မနေ့က စလုပ်တယ်။ ဒီမနက်စစ်သား ၃၀ က သစ်ပင်ခုတ်၊ စည်းရိုးခတ်ဖို့လုပ်တယ်”ဟု သပြေတောရွာမှ ဒေါ်ခင်မာလွင်က ဆိုသည်။

စတဲချောင်းရေသည် သပြေတောရွာအတွင်း ဝင်နေကျဖြစ်သော်လည်း တပ်ကမြေတူးဖော်ခြင်း၊ ကုန်းဖို့ခြင်းတို့ကြောင့် ချောင်းရေထွက်လမ်း မရှိကာ တစ်ရွာလုံးရေမြုပ်နိုင်သဖြင့် ရွာသားများက ထွက်ကာ တားမြစ်ရခြင်းဖြစ်ကြောင်း သပြေတောရွာ ရာအိမ်မှူး ဦးကျော်နိုင်က ပြောကြားသည်။

“တပ်ထဲရေဝင်လို့ ရေလမ်းကြောင်းဖော်တာလို့ တပ်ဘက်တာဝန်ရှိကတော့ ပြောထားတယ်။ အသေးစိတ်ပြောတာမရှိဘူး”ဟု မုံရွာမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောဆိုသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မှူးနှင့် ဒုဗိုလ်မှူးကြီးတို့ ရောက်ရှိလာပြီး ယင်းမြေသည် တပ်သိမ်းပြီးဧရိယာသာဖြစ်ကြောင်း၊ ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုခဲ့သည်။

R-08




FOLLOW US