News

POST TAGGED AS

မုံရွာ

မုံရွာမြို့လယ်ရှိ စာကြည့်တိုက် မပြောင်းရွှေ့ရေး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်


မုံရွာ၊ မေ ၇

မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘူတာလမ်းထောင့် မြို့တော်ခန်းမဘေးတွင် တည်ရှိနေသည့် Electronic Library ပညာ့အလင်း ခေတ်မီစာကြည့်တိုက် ရေရှည်တည်တံ့စေရန်အတွက် မုံရွာမြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင်မည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။

အဆိုပါ စာကြည့်တိုက်သည် လူငယ်များအတွက် ကွန်ပျူတာသင်တန်းများနှင့် အစိုးရဝန်ထမ်းများအတွက် အခမဲ့ကွန်ပျူတာ သင်တန်းများကို လက်ရှိပေးနေသည့်နေရာ ဖြစ်သော်လည်း ဌာနပိုင်မြေနေရာ ဂရန်မပေါက်သည့်အတွက် စစ်ကိုင်းတိုင်းအစိုးရသို့ လွှဲပြောင်းပေးခဲ့ရကြောင်း၊ ယခုအခါ စည်ပင်ပိုင်မြေနေရာဖြစ်နေ၍ စီးပွားရေးလုပ်ငန်းများသို့ ငှားရမ်းရန် စည်ပင်သာယာရေးအဖွဲ့က စာထုတ်ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယင်းစာကြည့်တိုက်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်က ပြန်ကြားရေးဌာနအဖြစ် တည်ရှိခဲ့ရာတွင် တပ်မတော်အစိုးရလက်ထက်၌ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါ စာကြည့်တိုက် အဆောက်အအုံကို စစ်ကိုင်းတိုင်း၊ စည်ပင်ယာသာရေးအဖွဲ့က ပိုင်ဆိုင်မှုရှိသဖြင့် စီးပွားရေးလုပ်ငန်းရှင်များကို ငှားရမ်းရန် ခေါ်ယူနေရာ Electronic Library အနေနှင့်မူ စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ ငွေကြေးအများအပြားဖြင့် ငှားရမ်းရန်မဖြစ်နိုင်သဖြင့် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ကော်မတီဝင် ဒေါက်တာဉာဏ်လင်းက ပြောကြားသည်။

“ဒီနေ့ခေတ်ဟာ ပညာခေတ်ဖြစ်ပါတယ်။ လူငယ်အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဒီနေရာကို Learning Center အဖြစ် ထားချင်ပါတယ်။ တိုင်းအစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေငှားလိုက်ရင် ပိုက်ဆံပဲရမှာပါ။ တိုင်းအစိုးရက လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ နေရာဖြစ်လာဖို့ တာဝန်ရှိပါတယ်။ ဘတ်ဂျက်ငွေတွေ ချပေးတာမျိုးလုပ်ပေးရမှာပါ”ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် စာကြည့်တိုက် ပြောင်းရွှေ့ပျောက်ကွယ်ရမည့် အနေအထားဖြစ်ပေါ်နေသဖြင့် မုံရွာမြို့မှလူငယ်လူရွယ်များ ဖွံ့ဖြိုးရေးအတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန် မြို့ခံများပါဝင်ကာ တိုင်းလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပညာ့အလင်း ခေတ်မီစာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင် ဦးဘုန်းကြွယ်က ပြောကြားသည်။

ပညာ့အလင်းခေတ်မီ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီတွင် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် မြို့ခံ ၁၀ ဦးခန့် ပါဝင်သည်။ 

R-08






FOLLOW US