News

POST TAGGED AS

မုံရွာ

မုံရွာရေကြီးရေလျှံကာကွယ်ရန် ပြည်ထောင်စုအစိုးရထံမှ ဘတ်ဂျက်တောင်းမည်
မုံရွာ၊ ဧပြီ ၂၅

မုံရွာမြို့တွင်း ရေမြောင်းပြုပြင်ခြင်းများကို နှစ်စဉ်ရရှိသော တိုင်းဒေသကြီး ဘတ်ဂျက်နှင့် လုပ်ဆောင်နေသော်လည်း တစ်မြို့လုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန်မလုံလောက်၍ ပြည်ထောင်စုဘတ်ဂျက်ရရန် ပြည်ထောင်စုအစိုးရထ တင်ပြမည်ဖြစ်ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောကြားသည်။

လတ်တလော မုံရွာမြို့တွင်း ရပ်ကွက်များ၏ ရေဆိုးရေမြောင်းများသည် ရေစီးရေလာမကောင်းဘဲ ရေမစီးသဖြင့် ပြင်ဆင်မှုပြုနိုင်ရန် စီမံကိန်းအကြီးစားချမှတ် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“တစ်နှစ်ရတဲ့ဘတ်ဂျက်နဲ့ လုပ်ဆောင်ရတာက ဟိုနေရာဖြစ်ပြင်လိုက် ဒီနေရာဖြစ်ပြင်လိုက်နဲ့ လှေပေါက်ဖာရသလို ဖြစ်နေတယ်။ တစ်မြို့လုံးကောင်းသွားအောင် ရန်ပုံငွေများများနဲ့ အကြီးစားစီမံကိန်းချ လုပ်ဆောင်ဖို့ လိုနေတယ်။ ပြည်ထောင်စုဘတ်ဂျက်အတွက်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြပြီးတောင်းခံမှာပေါ့”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောဆိုသည်။

လတ်တလော မုံရွာမြို့သာယာလှပရေးအတွက် ရေမြောင်းတူးဖော်ခြင်းများကို ရပ်ကွက်အနှံ့လုပ်ဆောင်နေပြီး ယင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ကို တစ်နှစ်လျှင် ကျပ်သိန်း ၁၅၀၀ အသုံးပြုခွင့်ရထားကာ ၂ နှစ်ဆောင်ရွက်ခွင့်ရထားကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

မုံရွာမြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဘုရားကြီး၊ ရုံကြီး၊ ဒေါနခြံ၊ ကွေ့ကြီး၊ ရန်ကင်း၊ ချမ်းမြသာစည်၊ ဆူးလေကုန်းနှင့် အလယ်ရပ်ကွက်များမှ ရေမြောင်းများသည် စီးဆင်းခြင်းမရှိဘဲ မိုးတွင်းရောက်ရှိလာပါက အဆိုပါ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဧပြီတတိယပတ်အတွင်းက တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စည်ပင်သာယာတို့မှ ကွင်းဆင်းကြည့်ရှုခဲ့ရာ တစ်မြို့လုံးနီးပါး ရေစီးရေလာကောင်းမွန်မှုမရှိဟု စစ်ဆေးတွေ့ရှိကြောင်း အမှတ် (၁) မဲဆန္ဒနယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောကြားသည်။

“အဆောက်အအုံတွေ ဆောက်ထားတာ။ ရေမြောင်းပါပြီးရော ဆောက်ထားတာဆိုတော့ ရေစီးရေလာတွေ မကောင်းဘူး။ တစ်မြို့လုံးပဲ။ ကောင်းမွန်အောင်လုပ်ဆောင်ဖို့ စီမံကိန်းချ ဆောင်ရွက်ဖို့လိုပါတယ်။ ဒီကိစ္စတွေအတွက် သက်ဆိုင်တဲ့ စည်ပင်ဝန်ကြီး၊ လမ်းပန်းဝန်ကြီးနဲ့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးတွေဆီ တင်ပြထားတယ်”ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောဆိုသည်။


 




FOLLOW US