News

POST TAGGED AS

မုံရွာ

အမေရေယဉ်ပွဲ တပေါင်းလပြည့်နေ့ စကျင်းပ


မုံရွာ၊ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဇီးတော၊ မောင်းတုံကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အမေရေယဉ်ပွဲတော်ကို မတ်လ ၁ ရက်နေ့ (တပေါင်း လပြည့်နေ့) မှ စတင်ကာ ကျင်းပလျက်ရှိကြောင်း နန်းထိန်းများထံမှ သိရသည်။

အဆိုပါပွဲကို တပေါင်းလပြည့်ကျော် ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ယင်းပွဲတော်တွင် မြန်မာပြည်အနှံ့အပြားမှ ယုံကြည်ကိုးကွယ်သူများက လာရောက်ရိုသေကန်တော့ခြင်း၊ ပွဲပေးခြင်းနှင့် ရေစင်သောက်ခြင်းပြုလုပ်ကြကြောင်း နန်းထိန်းများက ပြောကြားသည်။ 

ရက်တစ်ပတ်ကြာမြင့်သည့် အဆိုပါပွဲကို အမေရေယဉ်စံမြန်းရာ ဇီးတောရွာ အတွင်းနန်းတွင် လပြည့်နေ့အရုဏ်တက်၌ သံဃာတော် ၁၅ ပါးကို ဆွမ်းကပ်ခြင်းစတင်ကာ လပြည့်ကျော် ၃ ရက်နေ့တွင် ချိုးရေတော်သုံး၍ ၄ ရက်နေ့တွင် အပြင် စံနန်းသို့ကြွကာ အနယ်နယ်အရပ်ရပ်မှ လာရောက်ပူဇော်မှုခံယူပြီး ၈ ရက်နေ့တွင် စံကျောင်းသို့ပြန်ကြွကာ ပွဲသိမ်းမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

“မြန်မာတစ်ပြည်လုံးက လာရောက်ပူဇော်ကြတယ်။ ရိုသေပွဲပေးတာ။ ရေစင်သောက်တာ။ နွေကို မိုးညှင်း၊ မိုးကောင်း၊ ရန်ကုန်နဲ့ အောက်ဘက်တွေက လာကြတယ်”ဟု နန်းထိန်းတစ်ဦးက ဆိုသည်။ 

မောင်းတုံနှင့် ဇီးတောရွာတို့တွင် အမေရေယဉ်၏ အတွင်းနန်းများရှိကာ ပုံတောင်၊ ပုံညာနတ်ထိပ်တွင် ရိုသေနန်းထားရှိပြီး စီးပွားလာဘ်လာဘတိုးတက်ကာ ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးကြောင်း ကိုးကွယ်ယုံကြည်သူများက ပြောကြားသည်။

R-08



FOLLOW US