News

POST TAGGED AS

မုံရွာ

မုံရွာတွင် ဆိုင်ကယ် လှည့်ခိုးနေသူများကို ဖမ်းမိ


မုံရွာ၊ ဇန်နဝါရီ ၁၅

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်အတွင်း ဆိုင်ကယ်အပါအဝင်ပစ္စည်းများ လိုက်လံခိုးယူနေသူများကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါရပ်ကွက်အတွင်း ဆိုင်ကယ်နှင့် အခြားပစ္စည်းများ မကြာခဏ ပျောက်ဆုံးမှုရှိနေ၍ ကင်းလှည့်စစ်ဆေးစဉ် ဇန်နဝါရီလ ၁၁ ရက် နံနက် ၁ နာရီခန့်က ဆိုင်ကယ်တွန်းလာသူတစ်ဦးကိုတွေ့၍ စစ်ဆေးရာ ကွင်းဆက်အဖြစ် သလ္လာရပ်ကွက်မှ မောင်မောင်ဝင်းဆိုသူကို ဇန်နဝါရီလ ၁၃ ရက်နေ့က ထပ်မံဖမ်းမိခဲ့ကြောင်း ယင်းစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဆန်းလင်းက ပြောကြားသည်။ 

ယင်းသို့ ဖမ်းဆီးရမိသူများထံမှ စုစုပေါင်းဆိုင်ကယ်ငါးစီး၊ လက်ကိုင်ဖုန်းငါးလုံးနှင့် တီဗီတစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံရဲစခန်းထံမှ သိရသည်။ 

“ခိုးယူခဲ့တဲ့ပစ္စည်းတွေကို မောင်မောင်ဝင်းကနေတစ်ဆင့် ရောင်းချပေးတယ်။ ပစ္စည်းတွေကို ရောင်းထားတဲ့နေရာကနေ လိုက်သိမ်းရတယ်”ဟု အမှုစစ် ဒုရဲအုပ်အောင်နေစိုးက ပြောဆိုသည်။

အဆိုပါအမှုကို နယ်မြေရဲစခန်းတွင် (ပ) ၁၀ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားပြီး စက်မှုဇုန်ရပ်ကွက်မှ ပစ္စည်းပိုင်ရှင်များကိုလည်း တွေ့ရှိသဖြင့် တရားရုံးသို့ စွဲတင်မည်ဖြစ်ကြောင်း နယ်မြေရဲစခန်းထံမှ သိရသည်။

R-08



FOLLOW US