News

POST TAGGED AS

မလေးရှား

မလေးရှားမူးယစ်အမှု တရားခံအောင်လွင်ကို နှစ်အကန့်အသတ်မရှိ ထောင်ချနိုင်သည့် ပုဒ်မဖြင့် တရားစစွဲ


ထားဝယ်၊ ဇူလိုင် ၁၂  

မလေးရှားမူးယစ်အမှု၏ ကွင်းဆက်တရားခံဆိုသည့် အောင်လွင် (ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်သည်။

အောင်လွင်နေထိုင်သည့် ထားဝယ်မြို့ ကျောက်မော်/ရှမ္မရပ်ကွက်ရှိ နေအိမ်တွင် ICE ၁၀ ဂရမ်ဖမ်းမိသည့်အမှုကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို ထားဝယ်ခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၆၇/၂၀၁၈ ဖြင့် လက်ခံခဲ့ပြီး မူးစိတ်ပုဒ်မ- ၁၉ (က) ဖြင့် တရားစွဲဆိုထားကြောင်း ခရိုင်တရားသူကြီး ဒေါ်သန်းသန်းအေးက ဆိုသည်။

မူးစိတ်ပုဒ်မ- ၁၉ (က) အရ မူးယစ်ဆေးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်းကို ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင်လ ၂၅ ရက်ကို ထပ်မံချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။

“နောက်ရုံးချိန်းမှာ တရားလိုနဲ့ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးသွားမယ်”ဟု ခရိုင်တရားသူကြီး ဒေါ်သန်းသန်းအေးက ပြောသည်။

အောင်လွင်အနေဖြင့် ယင်းပုဒ်မအပြင် မလေးရှားမူးယစ်အမှု၏ ကွင်းဆက်တရားခံအဖြစ် စွပ်စွဲခံထားရပြီး ၎င်းပိုင်ဆိုင်မှုကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အောင်လွင်(ခ) ထားဝယ်ကြီး၏ ပိုင်ဆိုင်မှုမှာ ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်ကို ကနဦး စိစစ်တွေ့ရှိပြီး ထိန်းသိမ်းထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မလေးရှားမူးယစ်အမှုကို အမှုဖွင့်စစ်ဆေးနေသည့် ရန်ကုန်တိုင်းဆိပ်ကမ်းရဲစခန်းမှ အမှုစစ်ရဲအရာရှိများက ဇွန်လနှောင်းပိုင်းတွင် အောင်လွင်ကို ထားဝယ်မြို့တွင် လာရောက်စစ်ဆေးခဲ့သည်။

မလေးရှားသို့ မူးယစ်ဆေးတင်ပို့မှုတွင် အဓိကတရားခံဖြစ်သည့် မောင်မောင်နှင့် ဇေယျာဟိန်းတို့၏ ထွက်ဆိုချက်များအရ ထားဝယ်မြို့တွင်နေထိုင်သူ ဦးအောင်လွင်နှင့် မလေးရှားနိုင်ငံတွင် တွေ့ဆုံသိကျွမ်းခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။  

မလေးရှားမူးယစ်ဆေးအမှု ကွင်းဆက်တရားခံအဖြစ် ထားဝယ်မြို့မှ အောင်လွင် (ခ) ထားဝယ်ကြီးကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၁၂ ရက်ညက ဖမ်းဆီးခဲ့သည်။ 

အောင်လွင်ကမူ လက်ရှိဖမ်းမိသည့် မလေးရှားမူးယစ်ဆေးအမှုတွင် ပါဝင်ခြင်းမရှိဘဲ ယခင်က မူးယစ်ဆေး တင်ပို့ရာတွင် ပွဲစားအနေဖြင့် ပါဝင်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

မလေးရှားမူးယစ်အမှုနှင့်ပတ်သက်၍ အောင်လွင်ကို လက်ရှိအချိန်ထိ လွှဲပြောင်းပေးရန် တောင်းခံလာခြင်း (သို့) ညွှန်ကြားလာခြင်းမရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ မလေးရှားသို့ပို့သည့် မူးယစ်ဆေးဝါးအမှုတွင် မောင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏ အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့သည်ဟု အောင်လွင် (ခ) ထားဝယ်ကြီးက ထွက်ဆိုထားကြောင်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ တင်ပို့သည့် ၁ ဒသမ ၂ တန်နီးပါးရှိ မက်အဖက်တမင်း မူးယစ်ဆေးဝါးများကို မေလ ၂၂ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။ 

Dawei Watch




FOLLOW US