News

POST TAGGED AS

မလေးရှား

မြောက်ကိုရီးယားနိုင်ငံတွင်း ဒုံးကျည်များ ရွှေ့ပြောင်း နေရာချလျက်ရှိဟု သတင်းထွက်
ပြုံယမ်း၊ စက်တင်ဘာ ၃၀

မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းရှိ ဒုံးကျည်လက်နက် ထုတ်လုပ်ရေး စက်ရုံတစ်ခုမှ ဒုံးကျည်အချို့ကို အခြားနေရာများသို့ စတင်ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု တောင်ကိုရီးယားရုပ်သံ KBS က ဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါသတင်းကြောင့် မြောက်ကိုရီးယားသည် ရန်စပြုမူသည့်လုပ်ရပ်များ ထပ်မံ ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်မည်ဟူသော ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ 

အမည်မဖော်လိုသော ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ မြောက်ကိုရီးယား ဒုံးကျည် သုတေသနနှင့် ထုတ်လုပ်ရေးစက်ရုံမှ ဒုံးကျည်အချို့ကို  ပြုံယမ်းမြို့ မြောက်ဘက်သို့ ရွှေ့ပြောင်းလျက်ရှိသည်ကို တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အရာရှိများက စုံစမ်းသိရှိထားကြောင်း KBS က ဖော်ပြခြင်းဖြစ်သည်။ 

သို့သော် မည်သည့်နေ့ရက် မည်သည့်အချိန်တွင် ဒုံးကျည်များ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟူသော အချက်ကို ဖော်ပြမှု မပြုပေ။ 

ယင်းဒုံးကျည်များမှာ တာလတ်ပစ် Hwasong – 12 အမျိုးအစား သို့မဟုတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် Hwasong –14 တို့ဖြစ်ဖွယ် ရှိသည်ဟု ဆိုသည်။ 

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်ကမူ မြောက်ကိုရီးယား၌ ယင်းသို့ဒုံးကျည်များ ရွှေ့ပြောင်းမှု ပြုလုပ်နေသည်ဟူသော သတင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိဟု ပြောကြားသည်။ 

တောင်ကိုရီးယား အစိုးရအရာရှိ တစ်ဦးကမူ အောက်တိုဘာလ ၁၀ ရက်နေ့သည် ကွန်မြူနစ်ပါတီ ထူထောင်သည့် နှစ်ပတ်လည် အခမ်းအနားဖြစ်ရာ မြောက်ကိုရီးယား အနေနှင့် နောက်ထပ်ရန်စ ပြုမူသည့်လုပ်ရပ်များ ပြုလုပ်ဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုသည်။ သို့မဟုတ် အောက်တိုဘာ ၁၈ ရက် တရုတ်နိုင်ငံက တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက် ကျင်းပချိန်တွင် ပြုလုပ်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ကိုရီးယားကျွန်းဆွယ်ဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် လေကြောင်း ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများကို တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့ကြကြောင်း အမေရိကန် ပြည်ထောင်စု၏ ပစိဖိတ်ဒေသ စစ်ရေးကွပ်ကဲမှု ဗဟိုက သတင်းထုတ်ပြန်သည်။ 

လေကြောင်း ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို မည်သည့်နေ့ရက်က ကျင်းပ ပြုလုပ်ခဲ့သည်ဟူသော အချက်ကို ဖော်ပြခြင်း မရှိသော်လည်း အလားတူ စစ်ရေး လေ့ကျင့်မှုများကို လအနည်းငယ်အတွင်း ထပ်မံ ပြုလုပ်မည်ဟု ကြေညာချက်က ဆိုသည်။

F-01



FOLLOW US