News

POST TAGGED AS

မကွေး

သရက်ထောင်ဝန်ထမ်း အသတ်ခံရ
တောင်ငူ၊ ဩဂုတ် ၆

မကွေးတိုင်း သရက်အကျဉ်းထောင်တွင် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆောင်ကူးသည့် အကျဉ်းသားကို မကူးရန်ပြောဆိုပြီး ဇက်ပိုးအုပ်ဆုံးမသည့် အကျဉ်းထောင် တပ်ကြပ်ကြီးကို အကျဉ်းသားက စည်သွတ်ဘူးသံပြားဖြင့် ပြုလုပ်ထားသည့် ဓားဖြင့် လည်ပင်းကို ထိုးသတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။ 

တပ်ကြပ်ကြီး ဦးလှအောင်(၅၀ နှစ်) သည် ဩဂုတ် ၅ ရက်နေ့ နံနက် ၈ နာရီခန့်က အကျဉ်းထောင်များ စည်းကမ်းချက်အရ အဆောင်ကူးလာသည့်အတွက် မကူးရန်ပြောဆိုပြီး ဇက်ပိုးအုပ်လိုက်သည်ကို အသက် ၂၀ အရွယ် အကျဉ်းသား ဝဏ္ဏဖြိုးက နံနက် ၁၀ နာရီခန့်တွင် စည်းကမ်းထိန်း တပ်ကြပ်ကြီးက လိုက်လံစစ်ဆေးစဉ် လှေကားအနီးမှ စောင့်ဆိုင်း၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဝဏ္ဏဖြိုးသည် အောင်လံတရားရုံးမှတစ်ဆင့် ၂၀၁၆ ခုနှစ်က ခိုးမှု ၄ မှုနှင့် ရဲအက်ဥပဒေ ပြစ်မှု ၂ မှုတို့ဖြင့် ထောင်ဒဏ် ခြောက်နှစ်ခွဲပြစ်ဒဏ်ကျခံထားရခြင်းဖြစ်ပြီး ထောင်အတွင်း ဆက်လက်နေထိုင်ရန် သုံးနှစ်ကျော် ကျန်ရှိနေသေးကြောင်း သရက်အကျဉ်းထောင်ထံမှ သိရသည်။

ယခုလူသတ်မှု ထပ်မံကျူးလွန်ခဲ့ခြင်းကြောင့် ၎င်းကို သရက်မြို့နယ်ရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-15



FOLLOW US