News

POST TAGGED AS

မကွေး

မကွေးရှိ ကျူးကျော်များဖယ်ရှားမှု ရက်အကန့်အသတ်မရှိ ဆိုင်းငံ့


မကွေး၊ ဇွန် ၆

မကွေးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ (ကညန) ရုံးအရှေ့ လမ်းပေါ်တွင် ကျူးကျော်နေထိုင်သည့် အိမ် ၂၇ လုံး ဖယ်ရှားခြင်းကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကျူးကျော်များကို ဇွန်လ ၇ ရက်နေ့တွင် အင်အားသုံးဖယ်ရှားရန် အစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသော်လည်း အဆိုပါမိသားစုများက ဝန်ကြီးချုပ်ထံ အသနားခံစာတင်ခဲ့သဖြင့် ဖယ်ရှားရန် ခေတ္တဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရအဖွဲ့က ကျူးတွေကိုဖယ်ရှားတဲ့နေရာမှာ ခေတ္တဆိုင်းငံ့ထားဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေဆီ စာပို့ပြီးပါပြီ၊ ဆိုင်းငံ့ပေးမယ့် အချိန်ကာလ အတိအကျကိုတော့ မသိရသေးပါဘူး”ဟု မကွေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကညနရုံးတွင် ၁၀ ဘီး၊ ၁၂ ဘီးကားတို့အပါအဝင် ယာဉ်အားလုံးကို အဆင့်မြင့်နည်းပညာများဖြင့်စစ်ဆေးရန် ဘတ်ဂျက်ရရှိလာသဖြင့် ယင်းကားများစစ်ဆေးရန် နေရာအခက်အခဲရှိလာသည့်အတွက် ယင်းကျူးကျော်သူများကို ဖယ်ရှားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ တာဝန်အရ မေလ ၁၅ ရက်နေ့ကတည်းက Notice စာ (သတိပေးစာ) သုံးကြိမ်ပို့ပြီးပါပြီ။ ဒါပေမဲ့ အခုကျူးတွေကို ဖျက်သိမ်းဖို့ယာယီဆိုင်းငံ့ထားဖို့ ညွှန်ကြားချက်ထွက်လာတယ်လို့ သိရတယ်”ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ဖယ်ရှားမည်ဆိုပါက မိုးတွင်းကာလဖြစ်သဖြင့် နေရာပြောင်းရွှေ့ရန်နှင့် နေထိုင်စရာအခက်အခဲများ ဖြစ်ပေါ်မည်ဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ပေးရန် မကွေးတိုင်းဝန်ကြီးချုပ်ထံ အသနားခံစာ ၃ ကြိမ်တင်ပြခဲ့ကြောင်း အဆိုပါ ကျူးကျော်နေထိုင်သူများထံမှ သိရသည်။

“ရွှေ့စရာပြောင်းစရာလည်းမရှိဘူး။ နေစရာလည်းမရှိပါဘူး။ အဲဒီအတွက် ကျွန်မတို့က အသနားခံတာပါ။ တစ်သက်လုံးနေဖို့လည်း မဆိုလိုပါဘူး၊ နောက်တစ် နှစ်၊ ၂ နှစ်လောက်နေဖို့ အသနားခံနေတာပါ”ဟု အဆိုပါနေရာတွင်နေထိုင်သည့် ဒေါ်သွယ်သွယ်က ရှင်းပြပြောဆိုသည်။

အဆိုပါနေရာတွင် နေထိုင်သူများသည် မကွေးတိုင်းအတွင်းရှိ ရေနံချောင်း၊ နတ်မောက်နှင့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လွန်ခဲ့သည့် ၁၇ နှစ်ဝန်းကျင်ကတည်းကနေထိုင်ခဲ့ပြီး လူဦးရေ ၂၀၀ ကျော်ရှိကြောင်း ၎င်းတို့သည် ပျံကျလုပ်ငန်းများ လုပ်ကိုင်ကြပြီး ယခု ဖယ်ပေးရမည်ဆိုပါက ကလေးငယ်များ၏ ပညာရေးအပြင် နေစရာအခက်အခဲများလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လွင်အေး




FOLLOW US