News

POST TAGGED AS

မကွေး

မကွေးရှိ ကျူးကျော်များ ရက် ၂၀ ကျော်အတွင်း မဖယ်ပေးပါက အင်အားသုံးဖယ်ရှားမည်
မကွေး၊ မေ ၁၅

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကုန်းလမ်းပို့ဆောင်ရေးရုံးအနောက်ဘက် လမ်းမပေါ်ရှိ ကျူးကျော်အိမ် ၂၇ လုံးကို ရက် ၂၀ ကျော်အတွင်း ကိုယ်တိုင်မဖယ်ရှားပါက အစိုးရက အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါနေရာတွင် နေထိုင်သည့် ကျူးကျော်များအနေနှင့် မေလ ၁၅ ရက် နေ့မှစတင်ဖယ်ရှားရန်နှင့် ဇွန်လ ၇ ရက်နေ့အထိ မဖယ်ရှားပါက စီမံချက်ပါ ညွှန်ကြားချက်များအတိုင်း ဖယ်ရှားသွားမည်ဖြစ်ပြီး အဆိုပါကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရန် မေလ ၁၅ ရက်နေ့မှစ၍ သတိပေးစာ သုံးကြိမ်အထိ ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

“ကညနက တင်ပြထားလို့ ကျူးကျော်ထားတဲ့ အိမ်ပိုင်ရှင်တွေကို ခေါ်ပြောတယ်။ တချို့က တစ်လခွဲ၊ တစ်လစောင့်ပေး ပါလို့ပြောပြီး တချို့ကတော့ မြေနေရာ အစားထိုးပေးဖို့ပြောကြတယ်။ အဲဒါတွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်”ဟု ယင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောဆိုသည်။

ကျူးကျော်နေထိုင်သူများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်း၊ နတ်မောက်နှင့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လွန်ခဲ့သည့် ၁၇ နှစ် ဝန်းကျင်ကတည်းက နေထိုင်လာသူများဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားပါက ကလေးငယ်များ၏ ပညာရေးအပြင် နေစရာအခက်အခဲများလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း အဆိုပါနေရာတွင်နေထိုင်သည့် ဦးကံထူးမောင်က ဆိုသည်။

အဆိုပါ ကျူးကျော်သူများကို ဖယ်ရှားရသည့်အကြောင်းအရင်းမှာ မကွေးတိုင်းဒေသကြီး ကညနရုံးတွင် ၁၀ ဘီး၊ ၁၂ ဘီးကားကြီးများနှင့် ယာဉ်အားလုံးကို အဆင့်မြင့်နည်းပညာများနှင့်စစ်ဆေးရန် ဘတ်ဂျက်ကျလာသဖြင့် ယင်းကားများကိုစစ်ဆေးရန် နေရာအခက်အခဲရှိသဖြင့် ယင်းကျူးကျော်သူများကို ဖယ်ရှားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးကျော်များရွှေ့ပြောင်းမည်ဆိုပါက စည်ပင်အဖွဲ့မှကားများ ကူညီပေးရန် မကွေးတိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖိုးနီက ဆိုသည်။

“ဒီမှာနေလာတာ ၁၆ နှစ်လောက်ရှိပြီ အခုလိုပြောင်းရမယ့်အတွက် နေရာရှာတာ ဘယ်မှာမှ ရှာမတွေ့သေးဘူး။ တစ်လအတွင်းပြောင်းဖို့ အဆင်မပြေသေးဘူး။ ဒုက္ခရောက်နေတာပဲသိတယ်” ဟု ကျူးကျော်နေထိုင်သူ ဦးဝင်းသန်းထွန်းက ပြောဆိုသည်။

အဆိုပါ ကျူးကျော်အိမ်များတွင် နေထိုင်သူ လူဦးရေ ၂၁၀ ရှိပြီး အများစုမှာ ကျပန်းအလုပ်လုပ်ကိုင်သူ၊ လက်သမားအလုပ်နှင့် အဝတ်လျှော်သည့်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြပြီး ၎င်းတို့တွင် ကျောင်းသား ကျောင်းသူသားသမီးများ ရှိသဖြင့် ပြောင်းရွှေ့ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါကျူးကျော်များကို ဖယ်ရှားပေးရန် ၂၀၁၆ ခုနှစ်အတွင်းက တိုင်းအစိုးရက ညွှန်ကြားခဲ့ဖူးသော်လည်း ယင်းအချိန်ကလည်း ၎င်းတို့မိသားစုဝင်များ၏ ပညာရေးများတင်ပြလာသဖြင့် ရက်ရွှေ့ဆိုင်းပေးခဲ့ရသည်။

လွင်အေး



FOLLOW US