News

POST TAGGED AS

မကွေး

06-May-2018

လူသတ်မှု မကွေး
မကွေးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်
ချောက်၊ မေ ၅

မကွေးတိုင်း မြို့သစ်မြို့နယ် မကြီးထူးကျေးရွာတွင် မေ ၄ ရက်နေ့ ညနေပိုင်းတွင် ခင်ပွန်းက ဇနီးထံမှ နို့တိုက်နေသော ၂ နှစ်အရွယ် သားငယ်ကို ခေါ်ယူရာကို မရသဖြင့် ဒေါသထွက်ပြီး ဓားဖြင့်ခုတ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ကျော်နိုင်ထွေး(၃၀ နှစ်)သည် ရွာထဲမှ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီး ပုခက်အတွင်း၌ အိပ်နေသည့် ၎င်း၏ ၂ နှစ်အရွယ်သားငယ်ကို အိပ်ရာမှနှိုးလိုက်သဖြင့် ဇနီးဖြစ်သူ မရီရီချို (၂၃ နှစ်)က ကလေးကို နို့တိုက်မည်ပြောပြီး ကလေးကိုခေါ်သွား၍ ခင်ပွန်းက လိုက်ခေါ်သည်ကို မပေးသည့်အတွက် ဒေါသဖြစ်ကာ ၎င်းကဇနီးကို အနီးရှိ ဓားမဖြင့် ခုတ်လိုက်သည့်အတွက် အိမ်ခြံတစ်ဝိုင်းတည်းနေသူ ယောက္ခမဖြစ်သူ ဒေါ်ချို နွဲ့ဝင်း(၅၅ နှစ်)နှင့် ဇနီးသည်၏အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်စန်း(၄၅ နှစ်)တို့မှ ဝင်ဆွဲသည်ကို ၎င်းက ဓားဖြင့်ဆက်ခုတ်ခဲ့လိုက်သဖြင့် ယင်းနေရာတွင်ပင် အမျိုးသမီးသုံးဦးလုံး သေဆုံးခဲ့ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ထို့ကြောင့် ဇနီးဖြစ်သူ မရီရီချိုတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်၊ နောက်ကျောပြတ်ရှ ဒဏ်ရာတစ်ချက်၊ ရင်ဘတ် ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဒေါ်ချိုနွဲ့ဝင်းတွင် ဝဲဘက်နားအထက် ပြတ်ရှဒဏ်ရာ နှစ်ချက်၊ ဇနီးသည်၏ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်စန်းတွင် လည်ပင်းပြတ်ရှ ဒဏ်ရာ ၂ ချက်တို့ ရရှိခဲ့ကြောင်း၊ ထို့ပြင် ဝင်ဆွဲခဲ့သူ ဇနီးသည်၏ အဘွားဖြစ်သူ ဒေါ်ခင်ပု(၈၄ နှစ်) မှာလည်း လက်ညှိုးနှင့် လက်ခလယ်တို့၌ ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရဲစခန်း မှတ်တမ်းများအရ သိရသည်။

ထို့ပြင် ကျော်နိုင်ထွေးသည် ဦးလေးဖြစ်သူ ဦးရဲညွန့် (၆၀ နှစ်)ကိုလည်း ဓားဖြင့် ထပ်ခုတ်ခဲ့သော်လည်း ဦးရဲညွှန့်မှာ လှည်းထောက်ခွဖြင့် ကာကွယ်ခဲ့သဖြင့် ဓားကိုပစ်ချပြီး အနားရှိ သားငယ်နှင့် ခယ်မကို တွန်းလှဲကာ ထွက်ပြေးသွားကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်နိုင်ထွေး (၃၀ နှစ်)ကို မြို့သစ်မြို့မ ရဲစခန်းက (ပ)၁၆၃/၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၃၂၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း မြို့သစ်ရဲစခန်းထံမှ သိရသည်။

နေနိုင်(ချောက်)



FOLLOW US