News

POST TAGGED AS

မကွေး

06-May-2018

တံတား ဒလ
ဒလတံတားကိုဇွန်လတွင် စဆောက်မည်
ရန်ကုန်၊ မေ ၅

ရန်ကုန်-ဒလ တံတားတည်ဆောက်မှုစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ရန်ကုန်-ဒလတံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် နေအိမ်၊ အဆောက်အအုံ၊ မြေကွက်၊ ဆိုင်ခန်းများနှင့် သမ္ဗန်ဆိပ်တို့ကို ဖယ်ရှားပြီးပြီဖြစ်သောကြောင့် စတင်တည်ဆောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ခြံစည်းရိုး စတင်ကာရံ၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလမြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“တံတားနဲ့မလွတ်တဲ့ နေရာက ကျူးတွေ၊ ဆိုင်တွေ၊ သမ္ဗန်ဆိပ်တွေ အကုန်ပြောင်းရွှေ့ပြီးပြီ။ နေအိမ်၊ အဆောက်အအုံတွေ အကုန်လုံးကိုလည်း မြေယာလျော်ကြေးတွေ ပေးချေပြီးပြီ။ ဒီလကုန်တာနဲ့စဆောက်မယ်”ဟု ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဆိုသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

“ဒလတံတားတည်ဆောက်ဖို့ ဒီလကုန်မှာ စတင်တည်ဆောက်မယ်လို့ သိရတယ်။ တံတားဆောက်ပြီးရင်တော့ အိမ်ဈေးတွေ၊ မြေဈေးတွေ တော်တော်ကောင်းလာမယ်။ လမ်းပန်းဆက်သွယ် ရေးက မြို့တွင်းကို ဆယ်ငါးမိနစ်လောက်နဲ့ ရောက်သွားမယ်။ အခုက ဆောက်ဖို့ သေချာနေပြီဖြစ်တဲ့အတွက် မြေဈေးတွေ နည်းနည်းလှုပ်ခတ်လာတယ်”ဟု ဒလမြို့နယ်တွင် နေထိုင်သူ ကိုမင်းဟန်က ဆိုသည်။

ရန်ကုန်-ဒလတံတား တည်ဆောက်ပြီးစီးပါက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းမှ ပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်သည်။

J-10

  • VIA


FOLLOW US