News

POST TAGGED AS

မကွေး

ကွန်ဟိန်းနှင့် ကာလိတွင် လေပြင်းတိုက်၊ အိမ်ခြေ ၁၀၀ ခန့် ပျက်စီး၊ သုံးဦး ဒဏ်ရာရ


ကျိုင်းတုံ၊ မတ် ၁၁ 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကွန်ဟိန်းမြို့နှင့် ကာလိမြို့တို့တွင် မတ်လ ၁၀ ရက် ညနေ ၄ နာရီခွဲက အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောကြားသည်။

“ပျက်စီးသွားတဲ့ အိမ်တွေကို ပျက်စီးမှုအနေအထားအရ ကူညီထောက်ပံ့ပေးဖို့လည်း အဆင်သင့် ပြင်ဆင်ထားပါတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ကိုပါ ဆောင်ရွက်နေသည့် ၎င်းက ဆိုသည်။ 

ကွန်ဟိန်းမြို့နှင့် ကာလိမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ ၉၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄ ခုနှင့် စာသင်ကျောင်းတစ်ခုတို့ ခေါင်မိုးများလန်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၂၀ ကျော်ရှိပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 

ယင်းပျက်စီးသွားသည့် သာသနိက အဆောက်အအုံများအပါအဝင် စာသင်ကျောင်းနှင့် နေအိမ်များ၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို မတ်လ ၁၂ ရက်တွင် သွားရောက်ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာဌေးက ပြောကြားသည်။

R-16




FOLLOW US