News

POST TAGGED AS

မကွေး

တောင်သားနွယ်စု ကုတ်နံပါတ်ရရှိရေး လွှတ်တော်တင်
ကလေး၊ ဇန်နဝါရီ ၁၅ 

မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် “ပျူမျိုးနွယ်စု (ခေါ်) တောင်သားလူမျိုးများကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးစာရင်းတွင် လူမျိုးအမည် ကုတ်နံပါတ်ရရှိရေး အဆို”ကို မကွေးတိုင်းလွှတ်တော်တွင် တင်သွင်းဆွေးနွေးခဲ့သည်။ 

“သို့ရာတွင် ရာဇဝင်တစ်ခုကို သမိုင်းလို့ ပြောလို့မရဘူး။ သမိုင်းဆိုတာ အထောက်အထားလိုတယ်။ အထောက်အထားလိုတယ်ဆိုတော့ အထောက်အထားကို ရှာပြီးမှပဲ ဒါကိုပြောသင့်တယ်”ဟု ဆောမြို့နယ်အတွင်း နေထိုင်သည့် သမိုင်းသုတေသီ ဦးစောမင်းနိုင်က ပြောဆိုသည်။

“ပျူမျိုးနွယ်စု (ခေါ်) တောင်သားလူမျိုးများ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးစာရင်းတွင် လူမျိုးအမည်၊ ကုတ်နံပါတ်ရရှိရန် စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလုပ်အကိုင်တို့ကို စိစစ်လေ့လာဆန်းစစ်ပြီး မကွေးတိုင်းလွှတ်တော်က အတည်ပြုလျက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြပေးရန်တိုက်တွန်းကြောင်း အဆို”ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် မကွေးလွှတ်တော်အစည်းအဝေးတွင် ဆောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကျော်မြင့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ကုတ်မရှိတဲ့အတွက် တိုင်းရင်းသားအနေနဲ့ အစိုးရအသိအမှတ်ပြု မခံရဘူး။ စာပေသင်ကြားခွင့်မရှိဘူး။ တောင်သားလူမျိုးတွေဟာ နှစ်ပေါင်း ၁၃၀၀ လုံးလုံး ကုတ်နံပါတ်တွေ မရခဲ့ဘူး။ မရတဲ့အပြင် သီးခြားရပ်တည်ခွင့် မရတဲ့အတွက် စာပေယဉ်ကျေးမှု အနုပညာဆိုတာတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာဖြစ်တယ်။ စာပေကို မသင်ကြားနိုင်ရင် စကားတွေ ပျောက်ပြီးမှ လူမျိုးပါ ပျောက်သွားမှာ ဖြစ်တဲ့အတွက် လွှတ်တော်မှာ တင်ပြရခြင်းဖြစ်ပါတယ်”ဟု ဦးကျော်မြင့်က ရှင်းပြသည်။

တောင်သားလူမျိုးစုများသည် ဆောမြို့နယ်တွင် ၂၇ ရွာ၊ ထီးလင်းမြို့နယ်တွင် ၂၃ ရွာ၊ ဂန့်ဂေါမြို့နယ်တွင် ငါးရွာနှင့် စေတုတ္တရာမြို့နယ်တွင် သုံးရွာတို့၌ ပျံ့နှံ့နေထိုင်ကြပြီး ခန့်မှန်းလူဦးရေအားဖြင့် ၂၅၄၃၁ ဦးခန့် ရှိသည်။

R-20



FOLLOW US