News

POST TAGGED AS

မကွေး

မန္တလေးမြို့တွင်နေထိုင်သော တိုင်းရင်းသားများ၏ လူမှုစီးပွားကို စစ်တမ်းကောက်မည်

မန္တလေး၊ ဇန်နဝါရီ ၎

မန္တလေးမြို့ပေါ်တွင်နေထိုင်သော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားအခြေအနေနှင့် စိတ္တဗေဒအခြေအနေများ သိရှိနိုင်ရန် ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း သုတေသနစစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။

လူနည်းစုတိုင်းရင်းသားများအနေနှင့် လူများစုဖြစ်သော ဗမာလူမျိုးများအပေါ် ယုံကြည်မှု၊ အတူတကွ ပူးပေါင်းနေထိုင်နိုင်မှုများကို သိရှိလို၍ဖြစ်ကြောင်း၊ ကောက်ယူရရှိလာသည့် အဖြေများသည် ရှေ့ဆက်လုပ်ဆောင်ရမည့် အခြေအနေကို သိရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဦးက ပြောကြားသည်။

“မူလကတော့ ဇန်နဝါရီ ဒုတိယပတ်ထဲမှာ လုပ်ဖို့မှန်းထားပေမယ့် အလုပ်မအားတာနဲ့ နောက်ဆုတ်လိုက်တာ။ မန္တလေးမြို့ပေါ်အပြင် အခြားမြို့နယ်တွေမှာပါ လုပ်ဖို့ရှိတယ်။ မန္တလေးကို ကနဦးအနေနဲ့ အစပျိုးတာ” ဟု ၎င်းက ရှင်းပြသည်။

သုတေသနစစ်တမ်းများကို ဇန်နဝါရီလမှ ဧပြီလအထိ ပြုလုပ်မည်ဖြစ်ရာ လူမှုစီးပွားအခြေအနေနှင့် သက်ဆိုင်သည့်မေးခွန်းများ၊ စိတ္တဗေဒနှင့် သက်ဆိုင်သည့်မေးခွန်းများကို မေးမြန်းသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းစဉ်များအရ သိရသည်။

“မန္တလေးမှာနေလာတာ တော်တော်ကြာပါပြီး။ စီးပွားရေးအရ ရှမ်းပြည်ကနေ မန္တလေးကို ပြောင်းလာတာ။ ဒီမှာ အဆင်ပြေတယ်။ သူတို့ရဲ့အမြင်မှာ ကျွန်တော်တို့တိုင်းရင်းသားတွေကို ရိုးသားတယ်လို့မြင်ထားတယ်။ ဒီကလူတွေကလည်း ကျွန်တော်တို့အပေါ်မှာ ခင်ခင်မင်မင်ရှိပါတယ်။ တိုင်းရင်းသားဆိုပြီး နှိမ်တာမရှိပါဘူး” ဟု မန္တလေးမြို့ပေါ်တွင် အလုပ်လုပ်ကိုင်နေသော ရှမ်းတိုင်းရင်းသား စိုင်းတူးက ပြောကြားသည်။

မန္တလေးမြို့ပေါ်တွင် နေထိုင်သော ရှမ်း၊ ကချင်၊ ကရင်၊ ရခိုင်၊ မွန်၊ ကယား စသည့်တိုင်းရင်းသား ၁၀၀ ဦး၊ မိုးကုတ်မြို့ တွင်နေထိုင်သော တိုင်းရင်းသား၂၀၀ ဦးနှင့် ပြင်ဦးလွင်မြို့တွင်နေထိုင်သော တိုင်းရင်းသား ၂၀၀ ဦးတို့ကို မေးခွန်းများမေးမြန်းကာ သုတေသနစစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို MSSI (MANDALAY SOCIAL SCIENCE INSTITUTE) နှင့် တိုင်းရင်းသားလူမျိုးရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရရှိလာသည့်အချက်အလက်များကို စာအုပ်အဖြစ် ပြုစုကာ ပြည်ထောင်စုအဆင့်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ ထပ်မံသိရသည်။

M-05



FOLLOW US