News

POST TAGGED AS

မကွေး

ရခိုင်အရေးအတွက် ကုလအကြီးအကဲ ယနေ့မိန့်ခွန်းပြောမည်၊ အောက်တိုဘာလအတွင်း လုံခြုံရေးကောင်စီသို့ လာရောက်ပြီး အလွတ်သဘော ဆွေးနွေးရန် ကိုဖီအာနန်ကို ပြင်သစ် ဖိတ်ကြား
ကုလသမဂ္ဂ-ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ယနေ့ တွေ့ဆုံဆွေးနွေးကြကာ ရခိုင်ကိစ္စအပေါ် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်၏ ရှင်းလင်း ပြောဆိုမှုများကို နားထောင်ကြမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြင်သစ်နိုင်ငံက ရခိုင်ရေးရာ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ကို လာမည့် အောက်တိုဘာလတွင် ကောင်စီသို့ လာရောက်ပြီး အဆိုပါ ကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးရန် ဖိတ်ကြားလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

လုံခြုံရေးကောင်စီသည် ယမန်နေ့ (အင်္ဂါနေ့)က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး နောက်ဆုံး အခြေအနေ အရပ်ရပ်ကို သိရှိရန် ကြိုးပမ်းခဲ့ကြသည်ဟု သံတမန်ကြီးများက ပြောကြားသည်။ 

အဆိုပါ တံခါးပိတ်ဆွေးနွေးပွဲမှာ အမြဲတမ်း အဖွဲ့ဝင်မဟုတ်သည့် အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနှင့် ဆွီဒင်နိုင်ငံတို့၏ အဆိုပြုမှုကြောင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် ယင်းဆွေးနွေးပွဲတွင် ကြာသပတေးနေ့(ယနေ့)တွင် ကုလသမဂ္ဂ အကြီးအကဲ ဂူတူရီစ် ရခိုင်အရေးကိစ္စအပေါ် ရှင်းလင်းသုံးသပ်မှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြပြီး ဂူတာရက်စ်နှင့် လုံခြုံရေးကောင်စီဝင်များ ဆွေးနွေးမှုကို တံခါးပိတ်ပုံစံ မဟုတ်ဘဲ လူသိရှင်ကြား ဆွေးနွေးမည့်ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်သည်။ 

လက်ရှိအနေအထားတွင် လုံခြုံရေး ကောင်စီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ဆိုင်းသွားစေရေးအတွက် မြန်မာအစိုးရအာဏာပိုင်များကို တွန်းအားပေးလျက် ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အားလုံးထံသို့ လူသားချင်း စာနာထောက်ထားသော အကူအညီများ အမြန်ဆုံး ရောက်ရှိရေးကို မဖြစ်မနေ အကောင်အထည် ဖော်ရမည်ဟု လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက တိုက်တွန်းထားသည်။ 

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ဖရန်စစ်ဒယ်တာရီက ရခိုင်ရေးရာ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန် အနေနှင့် လာမည့် အောက်တိုဘာလအတွင်း ရခိုင်အရေး အစီရင်ခံစာကို လုံခြုံရေးကောင်စီသို့ လာရောက်ရှင်းလင်း ပြောကြားရန် ဖိတ်ကြားထားသည်။

F-01



FOLLOW US