News

POST TAGGED AS

မကွေး

ပဲစင်းငုံကို ဈေးနှုန်းတစ်ရပ်ဖြင့်ဝယ်ရန် လှည့်ပတ်ရန်ပုံငွေ ထူထောင်မည်
နေပြည်တော်၊ သြဂုတ် ၂၉

လာမည့် ဆောင်းအကုန်ပိုင်း (ပြာသို၊ တပိုတွဲ)ထွက်မည့် ပဲစင်းငုံများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး သတ်မှတ်ဈေးနှုန်းတစ်ရပ်ဖြင့် ဝယ်ယူနိုင်ရန် ရန်ပုံငွေ ထူထောင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့်မူဝါဒ ပြောင်းလဲမှုနှင့်ပတ်သက်ပြီး သြဂုတ်လ ၂၅ ရက်တွင်ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညှိနှိုင်းအစည်းအဝေးမှ ဖော်ထုတ်ချက် ဆယ်ချက်တွင် ယင်းအချက်ပါဝင်ပြီး ပဲတင်ပို့မှု ပိတ်ခံရသဖြင့် ဆုံးရှုံးသွားသည့် တောင်သူများကို နိုင်ငံတော်မှ အကူအညီပေးရန် ထူထောင်သည့် အစီအစဉ်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပဲစင်းငုံဝယ်ရန် ရန်ပုံငွေမည်မျှ သုံးမည်ကို လတ်တလော အတိအကျ မပြောနိုင်သေးဘဲ ပဲထွက်ရှိမှုအပေါ် မူတည်ကြောင်း၊ ပဲစင်းငုံ တန်ချိန် သုံးသိန်းကို ဝယ်ယူမည်ဖြစ်ရာ ဝယ်ယူရေး စီမံခန့်ခွဲရန် စိုက်ပျိုးရေး ညွှန်ချုပ်ပါဝင်သည့်အဖွဲ့ဖွဲ့ရန် အကြံပြုချက်များရှိကြောင်း ဒေါက်တာအောင်သူက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက “တောင်သူတွေဆီက တိုက်ရိုက် ဝယ်၊ မဝယ် မသိရသေးသလို ငွေဘယ်လောက် သုံးမယ်ဆိုတာလည်း မသိရသေးဘူး။ ဘယ်ဈေးနှုန်းနဲ့ ဝယ်မယ်ဆိုတာလည်း မသိရသေးဘူး။ မှတ်ချက်ပေးဖို့ စောနေသေးတဲ့အခြေအနေပေါ့။ ဒါပေမဲ့ တောင်သူတွေအတွက် မျှမျှတတဖြစ်အောင် စီစဉ်ပေးဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ပြီးခဲ့သည့် သုံးရက်ခန့်က ပခုက္ကူသို့ ပဲစင်းငုံ တင်ပို့ရောင်းချရာတွင် ကုန်သည်များက ဝယ်ယူခြင်းမရှိသဖြင့် ကားတစ်စီးစာ ပဲစင်းငုံများ ပြန်လည် သယ်ယူခဲ့ရကြောင်း၊ ထို့ကြောင့် လတ်တလောတွင် တောင်သူအချို့ ငွေပြတ်လပ်မှုဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

အိန္ဒိယမှ ပဲတင်သွင်းခွင့် ကန့်သတ်သည့်မူဝါဒကို ဖြေလျှော့ပေးနိုင်ရေး ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ ပါဝင်သည့် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

ပဲစင်းငုံသည် လက်ရှိတွင် ပြည်တွင်း ကုန်သည်များထံ၌ ပဲတန်ချိန် တစ်သိန်းနီးပါး ကျန်နေသေးကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်းက စပါးဈေးကျသဖြင့် ကျပ် ၁၅ ဘီလီယံ ရန်ပုံငွေ ထူထောင်ကာ တောင်သူများထံမှ ဝယ်ယူခဲ့ဖူးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

T.L



FOLLOW US