News

POST TAGGED AS

မူးယစ်

မူးယစ်တားဆီး နှိမ်နင်းရေးအတွက် ရဲအင်အား ၅ဝဝ ခန့် ထပ်မံ တိုးမြှင့်ပေးရန် တောင်းဆို
ရန်ကုန်၊ သြဂုတ် ၂၈

နိုင်ငံတစ်ဝန်းရှိ မူးယစ်တားဆီး နှိမ်နင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် တပ်ဖွဲ့ဝင် အင်အား နည်းပါးနေသောကြောင့် ယခုနှစ်အတွင်း  အရာရှိ အဆင့်နှင့် အခြားအဆင့် တပ်ဖွဲ့ဝင် အင်အား ဦးရေ ၅ဝဝ ခန့် တိုးမြှင့် ချထားပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံ တင်ပြ တောင်းဆို ထားကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်ဝင်းက ပြောကြားသည်။

၂ဝ၁၃ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအနှံ့တွင် မူးယစ် တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲမှူးရုံး သုံးခုနှင့် တပ်ဖွဲ့ စုပေါင်း ၅ဝ စု ထားရှိခဲ့သော်လည်း  ရဲတပ်ဖွဲ့ဝင် အင်အား ၁၂ဝဝ ခန့်သာ ရှိသောကြောင့် မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးမှု လုပ်ငန်းများတွင် အင်အား လုံလောက်မှု မရှိသဖြင့် တပ်ဖွဲ့ဝင် အင်အား ထပ်မံ တိုးမြှင့်ပေးရန် တင်ပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဖွဲ့စည်းပုံအရကို တပ်ဖွဲ့ဝင် အင်အား မပြည့်မီလို့ တောင်းဆိုရတာပါ၊ မူးယစ်ဆေး ပြဿနာက အမျိုးသားရေး လုပ်ငန်းစဉ် ဖြစ်ပါတယ်၊ မူးယစ်ဆေးဝါးနဲ့ ဥပဒေအကြောင်း နားလည်တဲ့ ဒုရဲအုပ်အဆင့်၊ ရဲအုပ်အဆင့်တွေ ပိုမို လိုအပ်တယ်၊ တချို့နေရာတွေမှာ တပ်ဖွဲ့စု တစ်ခုကို ရဲတပ်ဖွဲ့ဝင် လေးဦးလောက်နဲ့ အလုပ် လုပ်နေရတော့ ဘယ်လိုမှ အဆင် မပြေနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်အရ တပ်ဖွဲ့ခွဲမှူးရုံးများကို (ရန်ကုန်) အထက် မြန်မာပြည်၊ (မန္တလေး) အောက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်တို့တွင် ဖွဲ့စည်းထားရှိပြီး ဒုရဲမှူးကြီးအဆင့်ရှိ အရာရှိကြီး တစ်ဦးစီမှ ကွပ်ကဲ အုပ်ချုပ်နေကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာများ ထူပြောသည့် ရှမ်းပြည်နယ်တွင် တပ်ဖွဲ့စုပေါင်း ၂ဝ နီးပါးဖြင့် အများဆုံး ထားရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

“မူးယစ်ဆေးမှာ ဦးစားပေး ဖြေရှင်းရမှာက စိတ်ကြွဆေးပြားပါ၊ ဆေးဝါးတွေ ထုတ်လုပ်မှု၊ သုံးစွဲမှုတွေ များနေပြီး ဖမ်းဆီး အရေးယူနိုင်မှု အားနည်း နေတယ်လို့ အမြဲ ဝေဖန်ခံနေရတယ်၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လုပ်ကိုင်ဖို့က ထိုက်တန်တဲ့ ရဲတပ်ဖွဲ့ဝင် အင်အား လိုအပ်နေတာ အမှန်ပါ”ဟု ရန်ကုန်တိုင်းဒေသကြီး မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားသည်။

ယင်းအပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သော ရဲတပ်ဖွဲ့ဝင်များမှာ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရဲအင်အား ၂၅ ဦးခန့်ဖြင့် အလုပ် လုပ်ကိုင်နေခြင်းကြောင့် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှုများ ပိုမို မြင့်တက်လာကြောင်း မြန်မာနိုင်ငံ မူးယစ် (ဗဟို) ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။



FOLLOW US