News

POST TAGGED AS

မူးယစ်ဆေးဝါး

ဒါရိုက်တာမိုက်တီးကို အင်းစိန်အကျဉ်းထောင်သို့ လွှဲပြောင်း


ရန်ကုန်၊ ဩဂုတ် ၂၁

တာမွေမြို့မရဲစခန်း အချုပ်ခန်းတွင် မူးယစ်ပုဒ်မဖြင့်ဖမ်းဆီးထားသော ဒါရိုက်တာမိုက်တီးကို ဩဂုတ်လ ၂၁ ရက်က အင်းစိန်အကျဉ်းထောင်သို့ လွှဲပြောင်းလိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“တရားရုံးမှာ ချုပ်ရမန်တစ်ပတ် ယူထားတယ်ဆိုပေမယ့် သူ့ (မိုက်တီး) အမှုက သက်သေတွေအကုန် စစ်ဆေးပြီး အမှုတွဲ တည်ဆောက်ပြီးဖြစ်တာကြောင့် အင်းစိန်ထောင်ကို လွှဲလိုက်တာပါ၊ ရဲလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်တာကြောင့် စခန်းအချုပ်မှာ မထားတော့ဘဲ ထောင်ကိုလွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ပါတယ်”ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံရသည့် ဒါရိုက်တာမိုက်တီးမှာ ဩဂုတ်လ ၁၆ ရက် ည ၁၁ နာရီက အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ယာဉ်စစ်ပိတ်ဆို့အဖွဲ့က စစ်ဆေးရာမှ ၎င်း မောင်းနှင်လာသည့် MAZDA Deimo အမျိုးအစား မော်တော်ယာဉ်ပေါ်မှ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ငွေရောင်ခဲပြားစနှင့် ဂက်စ်မီးခြစ်တို့ ကို ရှာဖွေသိမ်းဆည်းရမိမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၅၃ နှစ်အရွယ် ဒါရိုက်တာ မိုက်တီး (ခ) သန်းထွန်းဇော်အမှုမှာ မူးယစ်အမှုဖြင့် ဖမ်းဆီးခံရသူ အဆိုတော် ရွှေထိုက်အမှုနှင့် ပတ်သက်ဆက်နွှယ်နေမှု ရှိမရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03




FOLLOW US