News

POST TAGGED AS

မူဝါဒ

10-Feb-2017

မူဝါဒ
မူဝါဒ နိုင်ငံရေး
မြန်မာနိုင်ငံရေးတွင် ခေတ်စနစ်တွေသာ ပြောင်းသွားသည် မပြောင်းလဲနိုင်သေးသော အရာတစ်ခုက ရှိနေသည်။ ယင်းမှာ မူဝါဒ နိုင်ငံရေး မထွန်းကားမှုပင် ဖြစ်သည်။ ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်ရှိသူ အစိုးရ အာဏာပိုင်များ အနေနှင့် ချမှတ်မည့် မူဝါဒနှင့် သက်ဆိုင်သော မူဝါဒ လေ့လာသုံးသပ်သူ ပညာရှင် အဖွဲ့အစည်းများ၏ အကြံပြု တင်ပြချက်တို့ကို မရယူဘဲ ထင်သလို မူဝါဒ ချမှတ်ခြင်းများ ပြုလုပ်ကြသောကြောင့် မြန်မာ့နိုင်ငံရေးတွင် စနစ်ကျသော ‘မူဝါဒ နိုင်ငံရေး’ မဖြစ်ထွန်းခဲ့ခြင်း ဖြစ်သည်။ ရှေးမြန်မာဘုရင်များ၏ ပဒေသရာဇ်ခေတ်၊ အင်္ဂလိပ် ကိုလိုနီခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နယက ခေတ်များမှသည် လက်ရှိ ဒီမိုကရေစီအစိုးရ လက်ထက်ထိ မြန်မာနိုင်ငံ၏ အစိုးရ အဆက်ဆက်တိုင်းသည် ‘မူဝါဒ နိုင်ငံရေး’ ကို မျက်ကွယ်ပြုခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် မည်သည့်အစိုးရကမှ စနစ်ကျသော မူဝါဒ နိုင်ငံရေးပုံစံကို လိုက်နာကျင့်သုံးခဲ့ခြင်း မရှိကြပေ။ အချို့မူဝါဒများအတွက် ပညာရှင်များကို ခေါ်ယူအသုံးချသည် ဆိုသော်လည်း ၎င်းတို့ချမှတ်ကျင့်သုံးလိုသော မူဝါဒများကို မည်သို့မည်ပုံ အောင်မြင်ရန် ပုံဖော်မည်နည်းဟူသော အပိုင်းအတွက်သာ ခေါ်ယူအကြံပြုစေခြင်း ဖြစ်သည်။ အဆိုပါ မူဝါဒနှင့် ပတ်သက်၍ ချမှတ်ရန် သင့်/မသင့်ကို တွက်ချက်သော အပိုင်းအတွက် ပညာရှင်များကို တိုင်ပင်အသုံးချခြင်း မရှိတတ်ပေ။ ယင်းမှာ ကန့်ကွက်ထောက်ပြမည်ကို မလိုလား၍ ဖြစ်သည်။ ယခုအချိန်ထိလည်း မူဝါဒ နိုင်ငံရေးမှာ စိတ်မကောင်းဖွယ် မျက်ကွယ်ပြုခံနေရဆဲသာ ဖြစ်သည်။

မူဝါဒ နိုင်ငံရေးဟူသည်

‘မူဝါဒ ပိုင်းခြားစိတ်ဖြာ သုံးသပ်သူ ပညာရှင်များက စနစ်တကျ စိစစ်လေ့လာသုံးသပ်ပြီး ရေးဆွဲသော မူဝါဒများကို နိုင်ငံ၏ အရေးကိစ္စများအတွက် အစိုးရများက သင့်တော်သလို စီမံအသုံးချခြင်းကို ‘မူဝါဒ နိုင်ငံရေး’ (Policy Politics) ဟု ခေါ်သည်။’

အာဏာပိုင် အစိုးရအဖွဲ့မှ မူဝါဒ ချမှတ်ပိုင်ခွင့် ရှိသူများကိုယ်တိုင် လက်တန်းသဘောဖြင့် အမိန့်ထုတ် စီမံချက်ချခြင်းမျိုး မဟုတ်။ နိုင်ငံ၏ အရေးကိစ္စများအတွက် သက်ဆိုင်ရာ ပညာရှင် အသီးသီးက ရှုထောင့်ပေါင်းစုံမှ တွက်ချက်ပြီး အကြံပြုတင်ပြလာသော မူဝါဒစနစ် ဒီဇိုင်းများကို  အစိုးရက အကောင်းဆုံး အသုံးချခြင်း ဖြစ်သည်။ မူဝါဒ နိုင်ငံရေးကို ဖော်ဆောင်ရာတွင် အသိပညာ၊ သက်ဆိုင်ရာ မူဝါဒ ပညာရှင်များနှင့် အဆိုပါ ပညာရှင်များကို နေရာပေးတတ်သော အစိုးရမျိုး လိုအပ်သည်။ မူဝါဒ နိုင်ငံရေး၏ အခြေခံကျသော အကြောင်းတရားသုံးပါး ရှိသည်။ ၁။ မူဝါဒ (Policy) ၂။ အစီအစဉ် (Program) ၃။ စီမံချက် (Project) တို့ ဖြစ်သည်။ 

‘မူဝါဒ’ ဆိုသည်မှာ ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် ယင်းပြဿနာကို စေ့စပ်စွာ လေ့လာသုံးသပ်ခြင်းနှင့် လိုအပ်သော မဟာဗျူဟာများ ရှာဖွေရေးဆွဲခြင်း ဖြစ်သည်။ ‘အစီအစဉ်’ ဆိုသည်မှာ မူဝါဒ အကောင်အထည်ဖော်ရန် စနစ်တကျ ပြဋ္ဌာန်းထားရှိမှု ဖြစ်ပြီး ‘စီမံချက်’ ဆိုသည်မှာကတော့ မူဝါဒကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းပင် ဖြစ်လေသည်။ အထက်ပါ အဆင့်သုံးဆင့် အနက်မှ မူဝါဒ ချဉ်းကပ်မှုပိုင်းတွင် ပညာရှင် အဖွဲ့အစည်းများက တာဝန်သီးသန့်ယူပြီး အစီအစဉ် ရေးဆွဲမှုအပိုင်းတွင် ယင်းအဖွဲ့အစည်းများနှင့် အစိုးရပိုင်းက ပူးပေါင်းပါဝင်ကြသည်။ နောက်ဆုံးအဆင့်ဖြစ်သော မူဝါဒ ဖော်ဆောင်မှု အပိုင်းတွင် အစိုးရ အုပ်ချုပ်ရေးယန္တရားက အဓိက တာဝန်ယူကြရသည်။ မူဝါဒနိုင်ငံရေး ဟူသည်မှာ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်ရလျှင် ပညာရှင်၊ အစိုးရ၊ အုပ်ချုပ်ရေးယန္တရားတို့ အချိတ်အဆက်မိမိ ပေါင်းစပ်အလုပ်လုပ်ကြခြင်းသာ ဖြစ်ပါသည်။

မူဝါဒပ ညာရှင်များ၏ လုပ်ငန်းစဉ်များ

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒပိုင်းကို အစိုးရက ထိန်းချုပ်ကိုင်တွယ်ကြသည် ဆိုသော်လည်း နိုင်ငံရေးအတွက် မူဝါဒများ ချမှတ်ရာတွင် မူဝါဒ ပိုင်းခြားစိတ်ဖြာ သုံးသပ်သူ ပညာရှင်များ ပါဝင်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ မူဝါဒများ ချမှတ်ဖော်ဆောင်ကြလေ့ ရှိသည်။ အဆိုပါ မူဝါဒ သုံးသပ်သူ ပညာရှင် အဖွဲ့အစည်းများမှာ အလုပ်များစွာ လုပ်ကြရသည်။ လိုအပ်သည့် မူဝါဒပိုင်းနှင့် ပတ်သက်ပြီး သုတေသနပြုခြင်း၊ ကွင်းဆင်းစိစစ်လေ့လာရခြင်း၊ မူဝါဒနှင့် ပတ်သက်နေသူများ၏ အသံကို နားထောင်ခြင်းများအပြင် အစိုးရ၏ ဆန္ဒနှင့် လက်တွေ့အရှိတရား၏ လိုအပ်ချက်များကို ကြိုးညှိပေးရခြင်း စသည့် လုပ်ငန်းများကိုပါ လုပ်ဆောင်ကြရသည်။ မူဝါဒချမှတ်မှု ဖြစ်စဉ် (Policy Making Process) ကို  မူဝါဒ ပညာရှင်များက တာဝန်ယူကြရသည်။ မူဝါဒဆိုင်ရာ ပညာရှင်များ၏ မူဝါဒချမှတ်မှု ဖြစ်စဉ်တွင် အဆင့်  ၅ ဆင့် ပါဝင်သည်။

၁။ ပြဿနာကို ခွဲခြမ်းစိတ်ဖြာခြင်း (Policy  Analysis)

မူဝါဒချမှတ်မှု ဖြစ်စဉ်အတွက် အခြေခံလိုအပ်ချက် ဖြစ်သည်။ အမှားကို ရှာခြင်းဖြစ်သည်။ မူလပေါ်လစီ၏ အပြစ်နှင့် အားနည်းချက်များကို လေ့လာသည်။ ရောဂါရှာဖွေမှုအပိုင်း ဖြစ်သောကြောင့် တိကျသော အချက်အလက်များ ရရှိအောင် အားထုတ်ကြရသည်။ ပြဿနာ၏ မဟာဗျူဟာ နည်းဗျူဟာပိုင်း ချို့ယွင်းချက်များ၊ နိုင်ငံရေးအရ သက်ရောက်မှုနှင့် ဆင့်ကဲဖြစ်တန်စွမ်းတို့ကို ချပြသည်။ ပြဿနာစိစစ်ခြင်း အပိုင်းတွင် ပထမဆုံးအနေနှင့် ‘ပြဿနာ၏ အတိမ်အနက် အကျယ်အဝန်း’ ကို ကြည့်သည်။ ပြဿနာ၏ ဖွဲ့စည်းလည်ပတ်မှု အပိုင်းတွင် ပါဝင်နေသော လူ၊ အဖွဲ့အစည်း၊ အကြောင်းအရာများ၏ ဆက်စပ်မှုကို နားလည်ရသည်။ ပြဿနာ၏ မမြင်ရသော အပိုင်းကိုပါ မှန်းဆနိုင်ရသည်။ ဒုတိယအဆင့်တွင် ‘ပြဿနာ၏ အခြေခံ အချက်အလက်များ’ ကို ဖော်ထုတ်ရသည်။ ပြဿနာ၏ အကျိုးသက်ရောက်မှု ရှိသော အသိုင်းအဝိုင်းကို လေ့လာပြီး ရေရှည်အတွက် ဖြစ်လာနိုင်ခြေများကို တွက်ဆသည်။

တတိယအဆင့်မှာ ‘ပြဿနာကို သုံးသပ်တင်ပြခြင်း’ ဖြစ်သည်။ ပြဿနာကို ပိုင်းခြားစိစစ်ပြီး လက်တွေ့အမှန်တရားနှင့် အနီးစပ်ဆုံး ကောက်ချက်ဆွဲပြရသည်။ ထို့အတွက် ပြဿနာ ချဉ်းကပ်မှု ပုံသဏ္ဌာန် မှန်ကန်ဖို့ အရေးကြီးသည်။ ပြဿနာ၏ ဘက်အသီးသီးမှ ယုံကြည်ချက်၊ လိုလားချက်နှင့် တန်ဖိုးထားမှု ပေါင်းစုံတို့ကို ခြုံငုံနိုင်သော သုံးသပ်တင်ပြချက်မျိုး ဖြစ်ဖို့ လိုပါသည်။

၂။ မူဝါဒ ပေါင်းစပ်ဖွဲ့စည်းမှု (Policy Structure)

မူဝါဒတစ်ရပ်ကို ဖွဲ့စည်းသည့်အခါ ပါဝင်ဖြစ်ပျက်နေသော အခြေအနေတစ်ခု အတွင်းရှိ လူ့အဖွဲ့အစည်းများ၏ မတူညီသော အကျိုးစီးပွားများကို အတတ်နိုင်ဆုံး ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ဖို့ လိုသည်။ ရေးဆွဲမည့် မူဝါဒအတွက် မတူညီသော ရပ်တည်ချက်၊ မတူညီသော တန်ဖိုးစံနှုန်းများကို ဆုပ်ကိုင်ထားသော လူ့အတန်းအစား အသီးသီး ပါဝင်နေဖို့လည်း လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဤအဆင့်သည် ပြဿနာအတွက် နည်းလမ်းရှာရသောအဆင့် ဖြစ်သောကြောင့်  သဘောထား ကွဲပြားမှုများကို စုစည်းညှိနှိုင်းယူနိုင်ဖို့ အရေးကြီးသည်။ ဤအပိုင်းတွင် ပုံစံတူ ပြဿနာ ဖြေရှင်းမှုများကိုလည်း ရှာဖွေလေ့လာကြရသည်။ သုတေသနပြုမှုများနှင့် အလားတူ ပြဿနာများမှ ပေါင်းစပ်တွက်ချက်၍ အဖြေအမျိုးမျိုးကို ပကတိ အရှိတရားနှင့် နှိုင်းယှဉ်စဉ်းစားကြသည်။

၃။  မူဝါဒ ချမှတ်ခြင်း (Policy Pronounce)

ဤအပိုင်းမှာ မူဝါဒ ရွေးချယ်ချမှတ်မှုအပိုင်း ဖြစ်သည်။ မူဝါဒတစ်ခုကို ရွေးချယ်ရာတွင် ထိရောက်မှု (Effectiveness)၊ အကျိုးရှိမှု (Efficiency)၊ အညီအမျှဖြစ်မှု (Equity)၊ လက်တွေ့အကောင်အထည် ဖော်နိုင်မှု (Implementability)၊ ပြုလွယ်ပြင်လွယ် ရှိမှု (Flexibility) စသည့် အချက်များဖြင့် တိုင်းတာသည်။

မူဝါဒ ချမှတ်ရာတွင် လိုချင်သောပန်းတိုင် (Goal) ကို ရှင်းလင်းပြတ်သားစွာ ရပ်တည်ထားရမည်။ ထိုသို့ ခိုင်မာသောပန်းတိုင် ထားရှိပြီးမှ အထက်ပါအချက်တို့ဖြင့် ချိန်ထိုးအကဲဖြတ်၍ မူဝါဒ ချမှတ်ခြင်းကို လုပ်ဆောင်ကြသည်။

၎။ မူဝါဒ အကောင်အထည်ဖော်ခြင်း (Policy Realize)

မူဝါဒရေးရာ ပညာရှင်များ စုပေါင်း၍ အသေအချာ စိစစ်ရွေးချယ်လိုက်သော မူဝါဒများကို အကောင်အထည် ဖော်ရာတွင် မူဝါဒကိုယ်တိုင်က ကောင်းမွန်သင့်တော်မှု၊ အကောင်အထည် ဖော်သော အုပ်ချုပ်ရေး အဖွဲ့အစည်း၏ စနစ်တကျ ပုံဖော်နိုင်မှု စသည့် အချက်နှစ်ချက်က အရေးကြီးသည်။ ပေါ်လစီက မည်မျှပင် ကောင်းမွန်နေစေကာမူ အကောင်အထည်ဖော်သော ယန္တရားက အရည်အသွေးနိမ့်ကျလျှင် မအောင်မြင်နိုင်ပေ။ ထို့ကြောင့် မူဝါဒပညာရှင်များ အနေနှင့် ပေါ်လစီကို သာမက အကောင်အထည်ဖော်မည့် အုပ်ချုပ်ရေး အဖွဲ့အစည်း၏ စရိုက်သဘာဝနှင့် အရည်အသွေးကို ထည့်သွင်းတွက်ချက်ဖို့ လိုသည်။ ယင်းမှာ မူဝါဒ ဖော်ဆောင်မှု အပိုင်းအတွက် မဖြစ်မနေ သတိထားရမည့် အချက်လည်း ဖြစ်သည်။  

၅။ မူဝါဒ စောင့်ကြည့်စစ်ဆေးခြင်း (Policy Monitoring)

ဤအဆင့်သည် မူဝါဒချမှတ်မှု ဖြစ်စဉ်ကြီး တစ်ခုလုံး၏ အရေးကြီးဆုံးသောအပိုင်း ဖြစ်သည်။ အကောင်အထည်ဖော်လိုက်သော မူဝါဒကြောင့် လက်တွေ့နယ်ပယ်တွင် ပေါ်ပေါက်လာသော ကောင်းကျိုးဆိုးကျိုး သက်ရောက်မှု မှန်သမျှကို စိစစ်ရသည်။ မူဝါဒ ဖွဲ့စည်းစဉ်အခါက ထည့်သွင်းမတွက်ချက်နိုင်ခဲ့သည့် အကျိုးတရားများ၊ အဆင်မပြေမှုများ၊ အခုအခံများ၊ ပါဝင်ပတ်သက်နေသူများ၏ ဆန့်ကျင်တုံ့ပြန်ချက် အသံများကို နားစွင့်ရသည်။ ထို့နောက် မူဝါဒကို လိုအပ်သလို အလျှော့အတင်း ပြန်လုပ်ရသည်။ ထို့ကြောင့်လည်း မူဝါဒ ဖွဲ့စည်းရာတွင် ပြောင်းလွယ်ပြင်လွယ်ရှိမှု (Flexible) ကို အလေးထား တွက်ချက်ပြင်ဆင်ရခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မူဝါဒကို အလျှော့အတင်း ပြန်လုပ်ရာတွင် အသေးစိတ် ပြန်လည်ဆန်းစစ်ရသည်။

၁။ မူဝါဒကိုယ်ထည်ပိုင်း မှားယွင်းခြင်း၊ ၂။ အကောင်အထည်ဖော်မှုပုံစံ မှားယွင်းခြင်း၊ ၃။ အပြောင်းအလဲအပေါ် အခုအခံများနေခြင်း၊ ၄။ စနစ်ဟောင်းနှင့် နှိုင်းယှဉ်လျှင် အကျိုးကျေးဇူး နည်းပါးခြင်း၊ ၅။ မူဝါဒချမှတ်သူတို့၏ ရေတို/ရေရှည် အကျိုးရလဒ်များအပေါ် မရှင်းမလင်း ဖြစ်ကြခြင်း အစရှိသည့် အချက်များဖြင့် အကဲဖြတ်လေ့လာပြီး လိုတိုးပိုလျှော့ ပြန်လုပ်ကြသည်။ လိုအပ်လျှင် မူဝါဒစနစ် ဒီဇိုင်းကို အားလုံး ပြန်လဲရသည်များ ရှိတတ်သည်။

ဆိုခဲ့ပါ အချက်အလက်များ အားလုံးမှာ မူဝါဒ ခွဲခြမ်းစိတ်ဖြာသူ ပညာရှင်များ လုပ်ဆောင်ရသည့် မူဝါဒ ချမှတ်မှု ဖြစ်စဉ်ကြီးပင် ဖြစ်ပါသည်။

မူဝါဒ နိုင်ငံရေးနှင့် အစိုးရ၏ တာဝန်များ

မူဝါဒတစ်ခုကို ချမှတ်ကျင့်သုံးရာတွင် အစိုးရများသည် မူဝါဒရေးရာ ပညာရှင်တို့၏ အကူအညီကို အပြည့်အဝ ယူကြရသည်။ ပညာရှင် အဖွဲ့အစည်းများထံမှ ပေါ်ထွက်လာသော မူဝါဒများကို အစိုးရအဖွဲ့မှ အဆုံးအဖြတ်ပြုသူ (Decision Maker) များက ချိန်ဆ၍ အကောင်အထည် ဖော်ကြရသည်။ မူဝါဒ မချမှတ်ခင်  စိစစ်ဆဲကာလမှသည် အကောင်အထည်ဖော်မှုအပိုင်း၊ မူဝါဒအကျိုးရလဒ် တွက်ချက်မှုအပိုင်း၊ ပြန်လည်ပြင်ဆင်ခြင်း အပိုင်းများထိ အစိုးရ အာဏာပိုင်များနှင့် မူဝါဒ ပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြရသည်။ မူဝါဒချမှတ်မှု ဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် အဓိက တာဝန်ရှိသူမှာ ပညာရှင်များသာ ဖြစ်သော်လည်း အစိုးရဘက်မှ အဆုံးအဖြတ်ပြုပိုင်ခွင့် ရှိသူများနှင့် အမြဲတစေ ဆက်စပ်ထိတွေ့ပြီး တင်ပြညှိနှိုင်းကြရပါသည်။ အစိုးရ၏ နောက်ထပ် တာဝန်တစ်ခုမှာ မူဝါဒ အကောင်အထည်ဖော်မှု အပိုင်းကို စနစ်တကျ ပုံဖော်ပေးရခြင်း ဖြစ်သည်။ မူဝါဒများကို အောင်မြင်စွာ ပုံဖော်ပေးနိုင်ဖို့ဆိုလျှင် အရည်အသွေး မြင့်မားသော အုပ်ချုပ်ရေးယန္တရား ရှိဖို့ လိုပါသည်။ မည်မျှပင် ကောင်းမွန်သော မူဝါဒ ဖြစ်ပါစေ အကောင်အထည်ဖော်သော အုပ်ချုပ်ရေး အဖွဲ့အစည်းက စွမ်းဆောင်ရည် နိမ့်ကျနေခဲ့လျှင် အောင်မြင်ဖို့ မလွယ်ကူပေ။ ထို့ကြောင့် မူဝါဒ အရည်အသွေးကို ပညာရှင်များက တာဝန်ယူသလို အကောင်အထည်ဖော်မှုဆိုင်ရာ အရည်အသွေးအတွက် အစိုးရပိုင်းမှ တာဝန်ယူကြရသည်။

မူဝါဒနိုင်ငံရေး ဟူသည်မှာ ပညာရှင်များနှင့် အစိုးရ ပေါင်းစပ်မှု ဖြစ်သောကြောင့် အများအားဖြင့် အောင်မြင်ကြသည်။ ချမှတ်သည့် စနစ်ဒီဇိုင်းအပေါ် ပညာရှင်များနှင့် အစိုးရအကြား အပေးအယူ တည့်နိုင်ဖို့ လိုသည်။ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့ လိုသည်။ မူဝါဒတစ်ခု၏ အကျိုးရလဒ်များမှာ နိုင်ငံရေးအတွက်လည်း သက်ရောက်မှု ရှိသဖြင့် အစိုးရသည် မူဝါဒတစ်ခုကို အသေအချာ ဆန်းစစ်လေ့လာနိုင်ဖို့လည်း လိုပါသည်။ အဘယ့်ကြောင့်ဆိုသော် မူဝါဒ၏ အကောင်းအဆိုးရလဒ်များ အတွက် အဓိက တာဝန်ခံရသူမှာ အစိုးရများသာ ဖြစ်သောကြောင့်  ဖြစ်ပါသည်။

ဆိုရလျှင် ပညာရှင်များဘက်က တင်ပြလာသော မူဝါဒများကို အစိုးရက တာဝန်ယူပြီး ချမှတ်ကျင့်သုံးခြင်း ဖြစ်ရာ မကောင်းလျှင် အရင်ဆုံး အပြစ်တင်ခံရသူမှာ အစိုးရများသာ ဖြစ်နေခြင်းကြောင့် မူဝါဒများကို စိစစ်ရာတွင် နိုင်ငံရေးစနစ်များ၊ လူထုလိုအပ်ချက် အတိုင်းအတာ၊  အစိုးရဘက်မှ ဖြည့်ဆည်းနိုင်မှု အခြေအနေ၊ စနစ်အပေါ် ထိန်းကျောင်းနိုင်စွမ်း၊ အကောင်အထည်ဖော်နိုင်မှု အစရှိသည့် အချက်များနှင့် တွက်ချက်စိစစ်ရပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် မူဝါဒနိုင်ငံရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သော မူဝါဒ ပညာရှင်များ၏ ပေါ်လစီရေးရာ အဖွဲ့အစည်းများ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီ ဖြစ်ရာ အစိုးရ၏ အသုံးချနိုင်မှုသာ လိုအပ်ပါတော့သည်။ အသုံးချလိမ့်မည်ဟုလည်း ယုံကြည်မိသည်။ နိုင်ငံရေး အသွင်ကူးပြောင်းမှု တစ်ခု အောင်မြင်နိုင်ဖို့ဆိုလျှင် အခြေခံလိုအပ်ချက်မှာ ကောင်းမွန်သော အုပ်ချုပ်ရေး ရှိမှုပင် ဖြစ်သည်။

စနစ်အကူးအပြောင်း ခိုင်မာရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆိုလျှင်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး ရှိဖို့က အခြေခံ လိုအပ်ချက်ဖြစ်သည်။ ‘မူဝါဒ နိုင်ငံရေး’ သည် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် မရှိမဖြစ် လိုအပ်သော ကျောရိုးတစ်ခု ဖြစ်သည်။ ပြည်သူ့ဆန္ဒ၊ မျှော်လင့်ချက်တို့အတွက် အကောင်းဆုံးနှင့် စနစ်တကျ ဖြည့်ဆည်းပေးနိုင်မည့် အရာမှာ မူဝါဒ နိုင်ငံရေးသာ ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူ့အစိုးရတစ်ရပ် အနေနှင့် တိုင်းပြည်အတွက် တိုးတက်သော နိုင်ငံရေးဓလေ့တစ်ခု ဖော်ဆောင်ခြင်းလည်းဖြစ်၊ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲအတွက်  အထောက်အကူလည်းဖြစ်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမူအကျင့် စနစ်ကောင်းလည်းတစ်ခု ဖြစ်သော မူဝါဒ နိုင်ငံရေးစနစ်ကို ကျင့်သုံးသင့်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

ဝင်းကို



FOLLOW US