News

POST TAGGED AS

မူဝါဒ

ကားမူဝါဒ ယနေ့ ထွက်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၅

အများပြည်သူ စိတ်ဝင်စားနေသော လာမည့်နှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“မနက်ဖြန် တရားဝင် ထုတ်ပေးမယ်။ မနက်ဖြန် တို့ဝက်ဘ်ဆိုက်တွေမှာ တင်ပေးမယ်”ဟု လက်ရှိထွက်ပေါ်နေ သော ကားမူဝါဒကိစ္စနှင့်ပတ်သက်၍ The Voice ၏ အောက်တိုဘာလ ၁၅ ရက်နေ့က မေးမြန်းချက်ကို ၎င်းက ပြန်လည်ဖြေကြားသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ် (MAMDA) က ထုတ်ပြန်ထားသည့် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များနှင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လာမည့် မူဝါဒများနှင့် ပတ်သက်၍မူ ဦးရန်နိုင်ထွန်းက မည်သည့် မှတ်ချက်မျှ မပြုခဲ့ပေ။

သို့သော် ၂၀၁၈ ကားတင်သွင်းခွင့် မူဝါဒသည် ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်မှာ ၉၀ ရာခိုင်နှုန်းခန့် သေချာကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

ထိုသို့ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုခြင်းနှင့် ပတ်သက်၍ မော်တော်ယာဉ် လုပ်ငန်းရှင်များက ဝေဖန်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။

၂၀၁၈ ခုနှစ် ကားတင်သွင်းခွင့် သတ်မှတ်ချက်ကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပြင်ပမှ ကြားသိရသော ခန့်မှန်း သတင်းများအရ လူစီးမော်တော်ယာဉ်များ အနေနှင့် Free Permit ဖြင့် ၂၀၁၆၊ ၁၇၊ ၁၈ ကို ဘယ် မောင်း၊ စလစ်ကပ်ဖြင့် ၂၀၁၄ နှင့်အထက်ကို ဘယ်မောင်း၊ ဌာနဆိုင်ရာနှင့် သာသနာရေးနံပါတ်များကိုလည်း ဘယ်မောင်းများအဖြစ်သာ တင်သွင်းရမည်ဖြစ်သည်ဟု ကြားသိနေရကြောင်း MAMDA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဂျပန်လေလံဈေးကွက်အတွင်း စလစ်ကပ် မော်တော်ယာဉ်များ၏ ဈေးနှုန်းနှင့် မီနီထရပ်ကားလေးများ၏ ဈေးနှုန်းများ မြင့်တက်လာပြီး ပြီးခဲ့သည့် ရက်ပိုင်းကထက် လေလံဈေး ယန်းတစ်သိန်း (ကျပ် ၁၂ သိန်းကျော်)မှ လေးသိန်းခန့် (ကျပ် ၄၉ သိန်းခန့်) အထိမြင့်တက်ကြောင်း ဂျပန်လေလံဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US