News

POST TAGGED AS

မူဝါဒ

12-Oct-2017

မူဝါဒ
ကားမူဝါဒ ယခုလမကုန်မီ ထုတ်ပြန်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၁

ယခင်နှစ်များကထက်စော၍ ထုတ်ပြန်မည်ဟု ဆိုထားသော ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒကို အောက်တိုဘာ လမကုန်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောဆိုသည်။

“လာမှာပါ။ မကြာခင် ထုတ်ပြန်ပေးမှာပါ။ အောက်တိုဘာလထဲမှာတော့ ဖြစ်မှာပါ။ မူဝါဒ ရေးဆွဲတာတော့ ပြီးခါနီးပါပြီ”ဟု ၎င်းကပြောဆိုသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ မော်တော်ယာဉ် လုပ်ငန်းရှင်များကလည်း စုံစမ်းမှုများ ပြုလုပ်ကြပြီး စိတ်ဝင်စားလျက်ရှိကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒကို ကနဦးက စက်တင်ဘာ လကုန်ပိုင်း၌ ထုတ်ပြန်ပေးမည်ဟု ဆိုခဲ့သော်လည်း ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းသို့ ရောက်ရှိချိန်အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

အဆိုပါမူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ယင်းမှပြန်လည် ရရှိပါက ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းကားတင်သွင်းခွင့် မူဝါဒထုတ် ပြန်မည့်အရေးနှင့်ပတ်သက်၍ ယခုနှစ်အတွင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းထံသို့ မည်သည့် အကြောင်းကြားမှုမျှ မရှိခဲ့သလို အကြံဉာဏ် ရယူခြင်းများလည်း ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

“အရင်နှစ်က မူဝါဒတွေ မထုတ်ပြန်ခင်ဆို ကျွန်တော်တို့ကို ချပြအကြံဉာဏ် ယူပြီးတော့မှ ထုတ်ပြန်ခဲ့ပါတယ်”ဟု ယင်းအသင်းချုပ်မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

လက်ရှိ မော်တော်ယာဉ်ဈေးကွက်အတွင်း ယင်းမူဝါဒကို စောင့်ကြည့်နေခြင်း ကြောင့် အရောင်းအဝယ် အေးနေသော်လည်း ဂျပန်နိုင်ငံထုတ် ညာမောင်းကားများ တင်သွင်းခွင့်ပြုတော့ဖွယ်မရှိဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယင်းကားများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းမူဝါဒတွင် လူစီးယာဉ်အုပ်စု၌ ၂၀၁၁ မှ ၂၀၁၄ မော်ဒယ်လ်အထိကို စလစ်ကပ်သွင်းခြင်းနှင့် ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်လ်အထိကို လူတစ်ဦးချင်း တင်သွင်းခွင့်ပါမစ် (Free Permit) အဖြစ် ဘယ်မောင်း မော်တော်ယာဉ်များကိုသာ တင်သွင်းခွင့် ရရှိမည်ဖြစ်ကြောင်း၊ ကုန်တင်ယာဉ်များ ကို ၂၀ဝ၇ မှ ၂၀၁၇ မော်ဒယ်လ်အထိ တင်သွင်းခွင့်ပြုထားပြီး ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်လ်ထိ တင်သွင်းမည်ဆိုပါက ဘယ်မောင်းသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ခရီးသည်တင်ယာဉ်နှင့် အဝေးပြေးယာဉ်များအဖြစ် တင်သွင်းမည်ဆိုပါကလည်း ယင်းမော်ဒယ်လ်နှစ်များအတိုင်း တင်သွင်းခွင့်ရရှိမည်ဖြစ်ပြီး ဘယ်မောင်းများအဖြစ်သာ တင်သွင်းခွင့်ပြုထားကြောင်း ယင်းမူဝါဒအရ သိရသည်။

S-04

  • VIA


FOLLOW US