News

POST TAGGED AS

မူဆယ်

27-May-2018

မူဆယ်
မူဆယ်နယ်စပ် တရုတ်ဘက်မှ စစ်ဆေးမှုတင်းကျပ်

မူဆယ်၊ မေ ၂၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြန်မာ- တရုတ်နှစ်နိုင်ငံ ဝင်ထွက်ဂိတ်ပေါက်များ၌ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်သူများကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့က လက်ဗွေယူကာ စစ်ဆေးနေမှုကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရ၍ အခက်တွေ့ရကြောင်း ယင်းသွားလာသူများထံမှ စုံစမ်းသိရှိရသည်။

“မနက် ၇ နာရီကစပြီး တန်းစီနေတာ။ ၁၁ နာရီထိုးခါနီးမှ ရွှေလီဘက်ဝင်လို့ရတယ်။ လူတွေထောင်ချီပြီး တန်းစီစောင့်နေရတယ်။ လူတိုင်း လက်ဗွေနှိပ်ရတယ်။ တစ်ယောက်ချင်းလက် ၁၀ ချောင်းလုံးနှိပ်ရတော့ အချိန်ကြာကြာ စောင့်လိုက်ရတယ်”ဟု မန္တလေးမြို့မှ ရွှေလီမြို့သို့ သွားရောက်သူ ဒေါ်စိမ့်စိမ့်က ပြောဆိုသည်။

အဆိုပါ လက်ဗွေနှိပ်စစ်ဆေးသည့်စနစ်ကို တရုတ်အစိုးရက မေလ ၂၂ ရက် နေ့မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံများထံမှ သိရသည်။

“တရုတ်နိုင်ငံသားဖြစ်ကြောင်း လက်ဗွေရာက ဖော်ပြလိုက်တယ်။ တရုတ်နိုင်ငံ မှတ်ပုံတင်စာရင်းမှာ တစ်ခါတည်း ပေါ်လာတာ”ဟု ရွှေလီမြို့ရှိ စကားပြန်တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက ပြောဆိုသည်။

မူဆယ်- ရွှေလီ၊ မြန်မာ- တရုတ် နှစ်နိုင်ငံဝင်ထွက်ပေါက် သုံးခုရှိရာ မန်ဝိန်းဂိတ်သည် ကုန်တင်ကားများ အဝင် အထွက် ပြုလုပ်ပြီး ရွှေနန်းတော် ဂိတ်ပေါက်မှာ လူဝင်ပေါက်သက်သက်ဖြစ်ကြောင်း၊ ဆင်ဖြူဂိတ်မှာမူ လူစီးယာဉ်များနှင့် လူအများ ဝင်ထွက်ခွင့်ပြုရာ နယ်စပ် ဝင်ထွက်ပေါက်များဖြစ်သည်။

“ရွှေနန်းတော် အပေါက်ကပဲ ဝင်ထွက်ကြတာ များပါတယ်။ မြန်မာဘက်က မနက် ၆ နာရီလောက်မှာ ရွှေလီနဲ့ အနီးဝန်းကျင်ရွာတွေမှာ အလုပ်သွားလုပ်သူတွေ သွားကြတယ်။ အလုပ်လုပ်ပြီး ညနေပိုင်းမှာ ပြန်ဝင်လာကြတယ်။ သူတို့ကတော့ ဝင်ထွက်ခွင့် စာအုပ်အနီ လုပ်ထားကြတာ”ဟု မူဆယ်မြို့ခံ ဦးမိုးမြင့်က ပြောဆိုသည်။

အလားတူ မန်ဝိန်းဂိတ်တွင်လည်း ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကပါ လက်ဗွေနှိပ်ရသည့်အတွက် မူဆယ်မြို့ပတ်လမ်းပေါ်တွင် ကုန်တင်ယာဉ်ကြီးများမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“တရုတ်ဘက်ဝင်မယ့် ကားတွေကို စစ်ဆေးချိန်ပိုကြာလို့ ကားတွေတန်းသွားတာ။ အရင်ကထက် ပိုကြာတာက တရုတ်ဘက်က ကားဆရာတွေ၊ ယာဉ်မောင်းတွေကို လက်ဗွေယူတာအပြင် ကုန်သွယ်မှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ စစ်ဆေးတာတွေလည်း ရှိတယ်။ အရင်ကထက် ပိုစစ်ဆေးလာတယ်ဆိုတော့ ကားတစ်စီးချင်း တရုတ်ဘက်ဝင်ဖို့ အချိန်တော့ ပိုကြာသွားရတာ”ဟု ကုန်တင်ယာဉ်မောင်း ဦးစိုးဝေက ပြောဆိုသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများကိုလည်း ဥပဒေအရ ဖမ်းဆီးအရေးယူလျက်ရှိပြီး တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်သည့် မြန်မာနိုင်ငံသားများကိုလည်း တရုတ်အစိုးရက ဖမ်းဆီး အရေးယူမှုများရှိရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအရ ဖမ်းဆီးခံရသူများကို နှစ်နိုင်ငံအစိုးရအချင်းချင်း အပြန်အလှန် လွှဲပြောင်းပေးမှုများရှိကြောင်း မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၇ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

R-07



FOLLOW US